Social Icons

Pages

Monday, August 7, 2017

ရွက်နုလှိုင်လှိုင်ထွက်ချိန်တွင် အလုပ်သမားရှားပါးမှုကြောင့် လက်ဖက်စိုက်တောင်သူများ နစ်နာခဲ့ရ ဟုဆို


လက်ဖက်ခူးယူနေမှုမြင်ကွင်းကို တွေ့ရစဉ်။

လားရှိုး ၇-၈-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ယခုနှစ် လက်ဖက်အညွန့် လှိုင်လှိုင်ထွက်သော ရာသီအချိန်၌ အလုပ်သမားရှားပါးမှု နှင့်တွေ့ကြုံရပြီး လက်ဖက်ညွန့် ပုံမှန်မခူးရသောကြောင့် နမ့်ဆန်မြို့နယ်မှ လက်ဖက်စိုက်တောင်သူများ နစ်နာခဲ့ရကြောင်း လားရှိုးမြို့မဈေးတွင် လက်ဖက်ခြောက်၊ လက်ဖက်စို ရောင်းချလျက်ရှိသော ဒေသခံတစ်ဦးက ပြောပြသည်။

''ပုံမှန်ဆိုရင် လက်ဖက်ခူးရတာ တပေါင်းလဆန်းကနေ နယုန်လဆန်းပိုင်းထိ အများဆုံးခူးကြတာပါ။ ဒီအချိန်မှာထွက်တဲ့ လက်ဖက်ညွန့်တွေက မိုးလွတ်တော့ ဈေးကွက်လဲကောင်းပါတယ်။ ဒီနှစ်လက်ဖက်ခူးရမယ့် အချိန်မှာနယ်မြေမအေးချမ်းလို့ အညာဒေသက လက်ဖက်လာခူးတဲ့သူတွေ မလာရဲကြဘူး။ လက်ဖက်ညွန့်က လှိုင်လှိုင်ထွက်၊ အလုပ်သမားကမရှိဆိုတော့ အညွန့်တွေရင့်ကုန်တယ်။ လက်ဖက်ခြံရှင်တွေလဲ နစ်နာရတယ်။ ဒီလိုသာကြုံနေရရင် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရတာ တွေလုပ်ရတာ အကျိုးအမြတ်မရှိဘဲ ဆုံးရှုံးမှု တွေရှိလာနိုင်တယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) သည် တောင်ပေါ်ဒေသ တစ်ခုဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ရေခံမြေခံကောင်းမွန် သည့်အတွက် အောင်မြင်မှုများစွာ ရရှိသောဒေသ တစ်ခု ဖြစ်သည်။ ရာသီအလိုက် စိုက်ပျိုးသော သီးနှံများ၊ နှစ်ရှည်သီးနှံများကို ဒေသခံများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သီးနှံခူးဆွတ်ရသော ရာသီအလိုက် အခြားဒေသများမှ အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်သူများ လာရောက်၍ နေ့စားဖြစ်စေ၊ လုပ်ငန်းပုတ်ပြတ်ဖြစ်စေ လုပ်ကိုင်ကြသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အောင်မြင်ခဲ့သည်။

ယခုနှစ်လက်ဖက်ခူးသည့် ရာသီတွင် နယ်မြေအခြေအနေ များကြောင့် လက်ဖက်ခူးသူများမှာ လာရောက်ခြင်းမရှိ တော့သည့်အတွက် လက်ဖက်စိုက်တောင်သူများ အနေဖြင့် လက်ဖက်ညွန့်ထွက်ချိန်တွင် အခက်အခဲ များနှင့် ကြုံခဲ့ရကြောင်း၊ ဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအပြင် ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် နှောင့်နှေးခြင်းမရှိစေဘဲ အောင်မြင်မှုများ ရရှိလိုကြောင်း နမ့်ဆန်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...