Social Icons

Pages

Wednesday, July 5, 2017

Yangon Water Bus တရားဝင်ဖွင့်လှစ်မည့် ကာလကို ဇူလိုင်တတိယပတ်သို့ ပြောင်းလဲ



ရန်ကုန် ၅-၇-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသစ်ပြေးဆွဲပေးမည့် Yangon Water Bus ဖွင့်လှစ်မည့် ကာလကို ဇူလိုင်တတိယပတ်သို့ ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ထားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ထံမှ သိရသည်။

ယင်း Yangon Water Bus စတင်ဖွင့်လှစ်ချိန်တွင် လှိုင်သာယာမှ ဗိုလ်တထောင်သို့ Water Bus အစီးရေ ၁၆ စင်းဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်ထားပြီး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးပါက မြစ်ကြောင်းသုံးခုတွင် ဆက်တိုက် ပြေးဆွဲသွားရန်စီစဉ် ထားကြောင်း၊ ပြေးဆွဲပေးမည့် Water Bus များကို သြစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံမှ န၀ရတ်ဒေါက်ကျင်းတို့တွင် တာဝန်ယူဆောက်လုပ် ပေးနေခြင်းဖြစ်ပြီး ဆိပ်ကမ်းနှစ်ခု ဆောက်လုပ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့ပြီး ယင်းဆိပ်ကမ်းနှစ်ခုမှာ ဘုရင့်နောင်နှင့် FMI ဆိပ်ကမ်းတို့ဖြစ်ကာ စီးနင်းမှုများပြားသည့် အပေါ်မူတည်၍ အရန်သင်္ဘောများကိုလည်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။

Water Bus စီးနင်းခမှာ ခရီးစဉ်အစအဆုံး ငွေကျပ်ငါးရာဖြစ်ပြီး ခရီးတိုဖြစ်ပါက ငွေကျပ်သုံးရာ ကျမည်ဖြစ်ပြီး ရန်ကုန်မြစ်ကြောင်းအတွင်း ပြေးဆွဲမည့် Water Bus များကို စံချိန်စံညွှန်းများနှင့် အညီစစ်ဆေးပြီး စံနှုန်းမပြည့်မီပါက ပြေးဆွဲခွင့်ပြုမည် မဟုတ်ကြောင်း၊ စတင်ပြေးဆွဲချိန်တွင် တစ်နေ့လျှင် စီးနင်းသူဦးရေ ၂၀၀၀၀ ခန့်ရှိနိုင်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်တို့တွင် တစ်နှစ်လျှင်စီးနင်းသူ ဦးရေ ၂၄ သန်းမှ သန်း ၃၀ ခန့် ရှိလာနိုင်မည် ဟုလည်း မျှော်မှန်း ထားကြောင်း၊ ကနဦးအနေဖြင့် Water Bus ၁၆ စင်းမှ ၁၈ စင်းဖြင့် စတင်ပြေးဆွဲမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆိပ်ကမ်းများ တိုးချဲ့တည်ဆောက်ရမည် ဖြစ်သည့်အတွက် ကျန်ခရီးစဉ်များကို တိုးချဲ့ရန် သုံးလမှ ခြောက်လအထိ အချိန်ယူ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Yangon Water Bus ပြေးဆွဲရခြင်းမှာ မော်တော်ယာဉ် လမ်းကြောင်းများ ပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်နေသဖြင့် လိုရာခရီးကို ချောမွေ့စွာရောက်ရှိ စေရေးအတွက် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...