Social Icons

Pages

Tuesday, July 18, 2017

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း မီးလင်းရေးအတွက် ငွေကျပ် ၃၃၃ ဘီလီယံကျော်အရှုံးခံ၍ ဆောင်ရွက်နေရဟုဆို




နေပြည်တော် ၁၈-၇-၂၀၁၇

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ငွေကျပ် ၃၃၃ ဘီလီယံကျော် အရှုံးခံ၍ ဆောင်ရွက်ပေး နေရခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတွင်း မီးလင်းရေး ဆောင်ရွက်မှုများ ရှိနေသော်လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချရာတွင် တစ်ယူနစ်ပျမ်းမျှ ၆၉ ဒသမ ၁၇ ကျပ်ဈေးနှုန်းရှိပြီး ထုတ်လုပ်မှုစရိတ် တစ်ယူနစ်လျှင် ၈၉ ဒသမ ၃၉ ကျပ်ရှိရာ တစ်ယူနစ်လျှင် ၂ဝ ဒသမ ၂၂ ကျပ် အရှုံးပေါ် နေသောကြောင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း မီးလင်းရေးအတွက် ငွေကျပ် ၃၃၃ ဘီလီယံကျော် အရှုံးခံ၍ ဆောင်ရွက်နေရ
ကြောင်း သိရသည်။

''ဒီဘဏ္ဍာနှစ်အတွက် လက်ရှိ အရှုံးပေါ်နေတဲ့ ငွေကျပ် ၃၃၃ ဘီလီယံအတွက်နဲ့ ဓာတ်အားထုတ်လုပ်ဖို့ gas ဖိုး ကုန်ကျငွေတွေကို သာမန် အသုံးစရိတ် ကနေသုံးစွဲ ပေးချေရပါတယ်။ လက်ရှိဓာတ်အားခ အတွက်ရှုံးနေတဲ့ အခြေအနေကနေ ပြောင်းလဲ နိုင်အောင်တော့ ဆောင်ရွက် နေကြပါတယ်''ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာအသုံး ပြုနိုင်ပြီး လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ မီးလုံးဝလင်း နိုင်ရန်အတွက် world bank ၏ချေးငွေ ဒေါ်လာသန်း ၃ဝဝ ခန့်ဖြင့် National Electrification Plan-NEP အရတိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးတွင် ပထမအဆင့် ဓာတ်အားလိုင်း၏ နှစ်မိုင်အတွင်း၊ ဒုတိယအဆင့် ဓာတ်အားလိုင်း၏ နှစ်မိုင်မှ ငါးမိုင်အတွင်း၊ တတိယအဆင့် ငါးမိုင်မှ ၁ဝ မိုင် အတွင်းနှင့် စတုတ္ထအဆင့် အနေဖြင့် ဓာတ်အားလိုင်း၏ ၁ဝ မိုင်အထက် ကျေးရွာများကို ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အချိန်တွင် ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်ထိ ဓာတ်အားရရှိပြီး မီးလင်းပြီး အိမ်ထောင်စုပေါင်း ၃၆၉၈၂၁၉ စုနှင့်ရာခိုင်နှုန်းအားဖြင့် ၃၄ ရာခိုင်နှုန်းခန့်၊ ယခု ၂ဝ၁၇ ခုနှစ် မေလထိ ဓာတ်အားရရှိပြီး မီးလင်းပြီး အိမ်ထောင်စုပေါင်း ၄၁၆၅၁၄၅ စုနှင့် ရာခိုင်နှုန်းအားဖြင့် ၃၈ရာခိုင်နှုန်း ထိရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ကောက်ခံနေသည့် မီတာခနှုန်းထားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြစ်ပြီး ၁ဝ၁ ယူနစ်မှ ယူနစ်၂ဝဝထိ အသုံးပြုပါက တစ်ယူနစ်လျှင် ၄ဝကျပ်၊ ၂ဝ၁ ယူနစ်နှင့်အထက် အသုံးပြုပါက တစ်ယူနစ်လျှင် ၅ဝ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းသုံးအနေဖြင့် တစ်ယူနစ်လျှင် ၇၅ကျပ်နှုန်းဖြင့် ကောက်ခံနေသည်ဟု လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီး ဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...