Pages

▼

Friday, July 7, 2017

ရွှေတောင်မြို့၌ မြစ်ကမ်းပါးပြိုကျခြင်းကြောင့် နေအိမ် ၄ဝ ခန့်မြစ်ထဲမျောပါမည်ကို စိုးရိမ်နေရ


ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်များကိုတွေ့ရစဉ်။

ရွှေတောင် ၇-၇-၂၀၁၇

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရွှေတောင်မြို့၌ ဧရာဝတီမြစ်ကမ်းပါး တဖြည်းဖြည်း ပြိုကျလာခြင်းကြောင့် သရက်တော ရပ်ကွက်မှ နေအိမ် ၄ဝ ခန့် မြစ်ထဲမျောပါ မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

သရက်တောရပ်ကွက်၏ ကမ်းနားဖြစ်သော မင်းတဲလမ်းမှာ ဇွန်လကုန်ခန့်မှစတင်၍ မြစ်ရေတက်ခြင်း၊ ရေစီးမြန်ခြင်းနှင့်အတူ ကမ်းပါးများ တဖြည်းဖြည်းပြိုကျ လာခြင်းတို့က လူနေအိမ်တန်းနှင့် ၂ ပေခန့်သာ ကွာဝေးတော့ သောကြောင့် ဆက်လက်ပြိုကျလာလျှင် နေအိမ်များ အရေးပေါ်ဖျက်သိမ်း၍ ပြောင်းရွှေ့ရ တော့မည်ဖြစ်သည်။

''မြစ်ကမ်းပါး နားနေရတာလည်း ညညဆို အလန့်တကြား ဖြစ်နေရတယ်။ ကလေးတွေကလည်းရှိတော့ စိုးရိမ်တာလည်းပါတယ်။ တစ်နေ့တခြား စိတ်ပူနေရတော့ တတ်နိုင်သလောက် ကူညီပေးကြပါလို့ တောင်းဆို
ချင်ပါတယ်'' ဟု သရက်တော ရပ်ကွက်နေ မနီလာဝင်း ကပြောသည်။

လတ်တလောတွင် ကမ်းပါးပြိုကျမှုကြောင့် ဆက်လက်နေထိုင်ရန် လုံးဝမဖြစ်နိုင်တော့သည့် နေအိမ်နှစ်လုံးကို ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပြီး ထပ်မံပြိုကျနိုင်သော နေအိမ်များတွင်လည်း ညအချိန်တွင် ကလေးငယ်များကို ဘေး လွတ်ရာ နေအိမ်များသို့ ရွှေ့ပြောင်း အိပ်စက်စေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တင်ပြထားကြောင်း၊ ကမ်းပါးပြိုကျမှုများမှာ မြစ်လယ်တွင် သောင်ထွန်းမှု များကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်သဖြင့် ပြုပြင်မှုများ ပြုလုပ်နိုင်ရေး တိုင်းဒေသကြီး လွှတ်တော်တွင် ဘတ်ဂျက်ငွေ တောင်းခံနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment