နေပြည်တော် ၅-၇-၂၀၁၇
၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ဧက နှစ်သိန်းထိ စိုက်ပျိုး၍ ဘေးအန္တရာယ်ကင်းရှင်း ပြီးသောက်သုံးမှု အရည်အသွေးကောင်း ကော်ဖီတန်ချိန် ခြောက်သောင်းခန့် ထုတ်လုပ်နိုင်ရန် ရည်မှန်း ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသတင်းများအရ သိရသည်။
နိုင်ငံတကာကုန်စည်ဈေးကွက် များတွင်ကော်ဖီသည် ရေနံပြီးလျှင် ဒုတိယအဆင့် အရေးပါသည့် ကုန်စည်တစ်ခု ဖြစ်နေသည်။ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ် ရွာငံဒေသမှကော်ဖီများသည် နိုင်ငံတကာအဆင့်မီ (Special Coffee) အဆင့်တွင်ရှိနေသည်။ ဈေးနှုန်းမှာလည်း သင့်တင့်သည့် ဈေးနှုန်းရရှိနေသည်။
လက်ရှိတွင် မြန်မာ့ကော်ဖီကို တောင်ကိုရီးယား၊ ဂျပန်၊ တိုင်ပေ၊ အမေရိကန်၊ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချ ပေးနေရသည်ထိ ဈေးကွက်ကျယ်ပြန့်လာခဲ့ပြီး တစ်နှစ်လျှင်
ကော်ဖီတန်ချိန် ၇ဝဝဝ ခန့်ထုတ်လုပ်နေပြီး ပြည်ပသို့ ၅ဝရာခိုင်နှုန်းထိ တင်ပို့ရောင်းချ လျက်ရှိသည်။
နိုင်ငံတကာဈေးကွက်များတွင် အလယ်အလတ်အဆင့်မြန်မာ့ ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၈ဝဝခန့်နှင့် တန်းမြင့် ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇ဝဝဝ ထိ ပေါက်ဈေး ရရှိနေသည်။ လက်ရှိတွင် မြန်မာ့ ကော်ဖီဈေးကွက် ပိုမိုဖွံ့ဖြိုးတက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိသည်။
မြန်မာ့ကော်ဖီများမှာ နိုင်ငံတကာဖောက်သည် ဈေးကွက်များ ရရှိနေပြီးသင့်တင့်သော ပေါက်ဈေး နှုန်းများလည်း ရရှိနေပြီဖြစ်၍ မြန်မာ့ကော်ဖီကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးတက်ရရှိလာမည် ဖြစ်ပြီးကော်ဖီ စိုက်ပျိုးသူတောင်သူများ အနေဖြင့်လည်း ပိုမိုအကျိုးဖြစ်ထွန်းလာကာ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုဖြစ်ထွန်းလာမည် ဖြစ်ကြောင်း သိရသည်။
#yadanarpondaily
No comments:
Post a Comment