Social Icons

Pages

Tuesday, July 4, 2017

ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအနီး၌ တရားမဝင်သစ်မျိုးစုံခြောက်တန်ကျော် တင်ဆောင်ထားသော မော်တော်ယာဉ်သုံးစီးကို ဖမ်းဆီးရမိ



ပုသိမ် ၄-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာအနီး၌ ဇူလိုင်၂ ရက်ကတရားမဝင် သစ်မျိုးစုံ ၆၉လုံး၊ ၆ဒသမ၃၁၇၂တန် တင်ဆောင်ထားသော မော်တော်ယာဉ်သုံးစီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများ၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ ချင်ပြစ်ရဲစခန်းမှူး ရဲအုပ်ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သစ်တော ရဲတပ်ကြပ် စိုးလင်းဦး နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ချင်ပြစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းနှင့် ရပ်မိရပ်ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ရက် နံနက် ၉နာရီက ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာ၏ အရှေ့ဘက် တစ်ဖာလုံခန့်အကွာ ချင်ပြစ်-မုံသွင်ကျေးရွာချင်းဆက် လမ်းဘေးချင်ပြစ်ဘိနယ် သစ်တောစခန်းအနီး ဖွင့်လှစ်ထားသည့် ညီညီဇော် ကားဝပ်ရှော့ရှေ့၌ ရပ်ထားသော ယာဉ်နံပါတ်မပါ အပြာရောင် လီဖန်းအမျိုးအစား ခြောက်ဘီးယာဉ်ကို သတင်းအရစစ်ဆေး ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင် သစ်ပိတောက်တုံး ၁၄လုံး၊ ၁ဒသမဝဝဝ၄တန်၊ ကျွန်းသစ်ထောင့်တုံး သုံးလုံး၊ သုညဒသမ ၃၆၄တန်၊ ကျွန်းသစ် နှစ်လုံး၊ သုည ဒသမ ၁၄၂၂တန် တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး ယာဉ်ပေါ်တွင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသောကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်တို့ကို စုံစမ်းရှာဖွေ လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ အလောင်းတော် ကဿပအမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးမောင်မောင်နိုင်နှင့် အဖွဲ့သည် နံနက် ၁ဝနာရီက ချင်ပြစ်ကျေးရွာအတွင်းသို့ ဆက်လက် ရှာဖွေရာဦးမြင့်ရွှေ (ခ)ဦးပုနေအိမ်ဝင်း ရှေ့ရပ်ထားသော နံပါတ်မပါ အပြာရောင်ခြောက်ဘီး ယာဉ်ပေါ်၌ တရားမဝင်သစ် ပိတောက်တုံး ၂၄လုံး၊ ၂ ဒသမ ၅၃၈၄ တန်ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်း ဦးမြင့်ရွှေ (ခ) ဦးပုကို ၎င်းပိုင်ဆိုင်သည့် မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီရမိခဲ့သည်။

ထို့နောက် ဦးကျော်ဇေလွင် (ဘ) ဦးချစ်လှ ချင်ပြစ်ကျေးရွာနေသူ၏ နေအိမ်ရှေ့၌ ရပ်ထားသောယာဉ် နံပါတ်မပါ အပြာရောင်ခြောက်ဘီး မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်၌ တရားမဝင်သစ် ပိတောက်တုံး ၂၆လုံး၊ ၂ဒသမ ၂၇၂၂တန်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ယာဉ်မောင်း ဦးကျော်ဇေလွင်ကို ၎င်းပိုင်ဆိုင်သည့် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မြင့်ရွှေ (ခ) ဦးပုနှင့် ကျော်ဇေလွင်တို့ကို ချင်ပြစ်ရဲတပ်ဖွဲ့စခန်းက (ပ) ၂၃/၂ဝ၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...