Social Icons

Pages

Monday, June 12, 2017

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် မီးပေါ့ဆစွာ သုံးစွဲမှုကြောင့် မီးလောင်မှုဖြစ်ပွား




မြစ်ကြီးနား ၁၂-၆-၂၀၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ဇွန် ၁ဝ ရက်က မီးပေါ့ဆစွာ သုံးစွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၁) အိမ်အမှတ် (၉၅ဝ) နေ ရမ်းပါဆပ် နေအိမ်အပေါ်ထပ် တွင် ဇွန် ၁ဝရက် မွန်းလွဲ ၂နာရီ မိနစ်၃ဝက လျှပ်စစ်ပန်ကာ ဖွင့်ထားရာမှ အပူလွန်ကဲပြီး ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် လေးစီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ ညနေ ၃နာရီ၁၅မိနစ်က မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား၂၈ပေ၊ အနံ၁၈ပေရှိ သွပ်မိုးအုတ်ညှပ်၊ သမံတလင်းခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ရမ်းပါဆပ်ကို မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်း က(ပ)၁ဝ၉/၂ဝ၁၇၊ ပြစ်မှုပုဒ်မ-၂၈၅ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ဇွန် ၁ဝရက် မွန်းလွဲ ၂နာရီ မိနစ်၃ဝက ဝိုင်းမော်မြို့ ရပ်ကွက်(၁)နေ ဇော်ဆီ၏နေအိမ် မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် မီးလောင်မှုစတင် ဖြစ်ပွားရာ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၃နာရီ၁၅မိနစ်က မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား ပေ ၄ဝ၊ အနံပေ ၂ဝရှိ သွပ်မိုးအုပ်ညှပ်နှစ်ထပ်၊ နေအိမ်နှစ်လုံးနှင့် တစ်ထပ်နေအိမ်နှစ်လုံးတို့ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ဆီကို ဝိုင်းမော်မြို့မရဲစခန်းက (ပ)၄၃/၂ဝ၁၇၊ ပြစ်မှုပုဒ်မ-၂၈၅အရ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...