Social Icons

Pages

Monday, May 22, 2017

မြန်မာ့ဆေးဝါးလုပ်ငန်းမှ အရည်အသွေးပြည့်စက်ရုံထုတ် BPI ဆေးဝါးများကို အလွယ်တကူဝယ်ယူနိုင်ရန် ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ် ရောင်းချပေးနေ



နေပြည်တော် ၂၂-၅-၂၀၁၇

စက်မှုဝန်ကြီး ဌာနမြန်မာ့ဆေးဝါး လုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသည့် အရည်အသွေး ပြည့်ဝသည့် BPI ဆေးဝါးများကို ပြည်သူများဈေးနှုန်း သက်သာစွာနှင့် စစ်မှန်စွာဝယ်ယူ စားသုံးနိုင်ရန်အတွက် အရောင်းဆိုင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်၍ ရောင်းချပေးနေပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း မှသိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်စိတ်ချ ရသော BPI စက်ရုံ ထုတ်ဆေးဝါးများကို မေ ၁၅ ရက်မှစတင်၍ ရန်ကုန်မြို့အမှတ် (၅၆/၅၈/၆ဝ)၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတား မြို့နယ်တွင် ပန်းဆိုးတန်းလမ်း အရောင်းဆိုင်ကို လည်းကောင်း ၊ရန်ကုန်မြို့ အမှတ် (၅၆/၅၇)၊ ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက၊် ပန်းဘဲတန်းမြို့နယ်တွင် ဗိုလ်ဆွန်ပက်လမ်း အရောင်းဆိုင်ကို လည်းကောင်း ရန်ကုန်မြို့တွင် နှစ်ဆိုင်နှင့် နေပြည်တော်စည်ပင်ရိပ်သာ (၂) တွင် တစ်ဆိုင် စုစုပေါင်းအရောင်းဆိုင် သုံးဆိုင်ဖွင့်လှစ် ရောင်းချပေးနေပြီဖြစ်ကာ ပြည်သူများမှလည်း ဝယ်ယူအားပေး နေပြီဖြစ်ကြောင်း သိရသည်။

''အရင်ကတော့ ဈေးကွက်ထဲမှာ အရည်အသွးမမီတဲ့ BPI ဆေးဝါး အတုတွေပါ ထွက်ပေါ်လာတော့ ပိတ်ပင်တားဆီးရတဲ့ အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။ အခုတော့ မြန်မာ့ဆေးဝါးလုပ်ငန်း BPI စက်ရုံကနေ အရည်အသွေး ပြည့်မီတဲ့ BPI ဆေးဝါးတွေကို ဆိုင်အသစ်တွေပါ ဖွင့်ပြီးရောင်းချ ပေးနေပါပြီ။ ရန်ကုန်နဲ့ နေပြည်တော်မှာ ဖွင့်ပြီးပြီ။ မန္တလေးမှာလဲ လာမယ့် ရက်ပိုင်းအတွင်း BPI ဆေးဆိုင် ဖွင့်လှစ်ရောင်းချသွား ဖို့စီစဉ်နေပါတယ်။ BPI ဆေးတွေကို ဈေးမှန်၊ ဆေးမှန်ဝယ်ချင်ရင် ကျွန်တော်တို့ မြန်မာ့ဆေးဝါးလုပ်ငန်း ကဖွင့်တဲ့ဆိုင်တွေမှာ ဝယ်တာစိတ် ချရပါတယ်''ဟု မြန်မာ့ဆေးဝါး လုပ်ငန်းမှမန်နေဂျာ ဦးမိုးကျော်သိန်းက ပြောပြသည်။

ထို့အတူ ယခင်ကတည်းက ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် နေပြည်တော်မြို့မဈေး ဆိုင်ခွဲနှင့် မင်းသီဟ ကဖီးအနီး ဇေယျဌာနီလမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာန အရောင်းဆိုင်တို့ တွင်လည်း BPI စက်ရုံထုတ် ဆေးဝါးများကို ၀ယ်ယူနိုင်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်းမှ ထုတ်လုပ်သည့် BPI ဆေးဝါးများကို ပြည်သူများ ဝယ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ နေပြီးပြည်သူများ အနေဖြင့် စစ်မှန်သည့် BPI ဆေးဝါးများကို အလွယ် တကူဝယ်ယူ နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဆိုင်ခွဲများစွာ တိုးချဲ့ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။

စက်မှုဝန်ကြီး ဌာန မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဆေးဝါးပေါင်းအမျိုး ၁၈ဝခန့် ထုတ်လုပ်ပေး လျက်ရှိပြီး BPI ဆေးဝါးများကို ကိုယ်စားလှယ် ငါးဦးကလည်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...