Social Icons

Pages

Thursday, May 18, 2017

ယခုဘဏ္ဍာနှစ်တွင် မန္တလေးမြို့တွင်း လမ်းကြောင်းများကို မှန်လုံယာဉ်အစီးရေ ၁၁စီးတိုးချဲ့ပြေးဆွဲရန်လျာထား



မန္တလေး ၁၈-၅-၂၀၁၇

ယခုဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့တွင်း လမ်းကြောင်းများကို မှန်လုံယာဉ်အစီးရေ ၁၁စီးတိုးချဲ့ပြေးဆွဲပေးရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီ (မြို့တွင်း)မှတာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင်း၌ သွားလာရေး ကဏ္ဍတွင် အခက်အခဲမရှိစေ ရေးအပြင် အချိန်လျင်မြန်စွာမိမိတို့ လိုရာခရီးအား အရောက်ပို့ပေး နိုင်မည့် မှန်လုံယာဉ်များကို ယခုဘဏ္ဍာနှစ်အတွင်း တိုးချဲ့ပြေးဆွဲပေးသွားရန် လျာထားကြောင်း၊၎င်းမှန်လုံယာဉ် ၁၁စီးကို ပြေးဆွဲပေးမည့် လမ်းကြောင်းများမှာ ကျောက်စိမ်းစေတီတော်-မြစ်ငယ်-ရန်ကုန်-မန္တလေးလမ်းဟောင်း-စွယ်တော်မြတ်စေတီတော်-မဟာမုနိဘုရားကြီး-မန္တလေးဈေးချိုတော် မန္တလေးတောင်နှင့် ကုသိုလ်တော် ဘုရားထိဖြစ်ပြီး မှန်လုံယာဉ်များကို ဖြန့်ကြက်ပြေးဆွဲ ပေးသွားရန် လျာထားကြောင်း သိရသည်။

ထိုသို့မန္တလေး မြို့တွင်း၌ မှန်လုံယာဉ်များ တိုးချဲ့ပြေးဆွဲ ပေးနိုင်ရန် အတွက် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်းသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုအဖွဲ့သို့ မှန်လုံယာဉ် ၁၁စီး ပြေးဆွဲခွင့်ပြုရန် တင်ပြထားကြောင်း၊ ထိုသို့ တင်ပြထားရာ၌ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံယာဉ်ထိန်း ရဲတပ်ဖွဲ့တို့ကလည်း ပြည်သူလူထု သွားလာရေး အခက်အခဲဖြစ်သည့် လမ်းကြောင်း ဟုတ်၊ မဟုတ်သေချာပြန်လည် သုံးသပ်ပြီးမှသာမှန်လုံယာဉ်များကို ပြေးဆွဲခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့တွင်း၌ သွားလာရေးကဏ္ဍတွင် အခက်အခဲမရှိစေရေးအတွက် ယာဉ်အသင်းပေါင်း၂၇သင်း၊ ယာဉ်အစီးရေ ၇၅၈စီးရှိကာ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ၃၅ဝ ပြေးဆွဲပေးနေကြောင်း၊ ၎င်းအစီးရေဖြင့် ယာဉ်လမ်းကြောင်း လိုင်းခွဲပေါင်း ၃၉လိုင်း ဖြန့်ကြက်ပြေးဆွဲ ပေးနေကြောင်း၊ ယခုလက်ရှိ မန္တလေးမြို့တွင် ပြေးဆွဲပေးနေသည့် မြစ်ငယ်- ရန်ကုန်-မန္တလေး လမ်းဟောင်း ၊ဈေးချိုဘက်သို့ ယာဉ်အသင်းပေါင်း လေးသင်းရှိပြီးစက်မှု၊ ဈေးချိုအပြင် အခြားကျန်ရှိ သည့်နေရာများသို့ ယာဉ်အသင်း ခုနစ်သင်း စသည့် လမ်းကြောင်းများသို့ နေ့စဉ်အခကြေးငွေ သက်သာစွာဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြေးဆွဲပေးရန် လျာထားသည့် မှန်လုံယာဉ် ၁၁စီးကိုလည်း အခကြေးငွေသက်သာ စွာဖြင့် ပျမ်းမျှ ငွေကျပ် ၅ဝဝ ဖြင့် ခရီးစဉ် စ/ဆုံး သတ်မှတ်ပေး ထားကြောင်း သိရသည်။

''အခုလို မှန်လုံယာဉ်တွေမြို့တွင်း ထပ်တိုးပြီး ပြေးဆွဲပေးရင်တော့ ကောင်းတာပေါ့။ လိုင်းကား တွေအကြာကြီး စောင့်ရတဲ့ ပြဿနာတွေ မရှိတော့ဘဲ ခရီးစဉ်ကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေး နိုင်တာပေါ့။ တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက် နေကြသူတွေအတွက်လဲ ပိုပြီးအဆင်ပြေတာပေါ့''ဟု ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...