Social Icons

Pages

Wednesday, April 19, 2017

ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ


ဗုဒ္ဓယဉ်ကျေးမှုနှင့် နှစ်သစ်မင်္ဂလာ

( ပါမောက္ခ ခိုင်ခိုင်ရီ )

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှု သည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော ယဉ်ကျေးမှုဖြစ်သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပုံသဏ္ဌာန် သွင်ပြင်သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက အခိုင်အမာ ရပ်တည်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသော လူမျိုး တစ်မျိုးလုံးတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လက္ခဏာသည် အရိုးစွဲ၍ ခိုင်မာရင့်သန် နေပြီဖြစ်၏။ မြန်မာ့ယဉ်ကျေးမှု တွင် ဆယ့်နှစ်ရာသီ ပွဲတော်များသည် ယဉ်ကျေးမှု အသွင်သဏ္ဌာန် တစ်ရပ်အနေဖြင့် ခံ့ခံ့ထည်ထည် ပါဝင်ပြီးဖြစ်သည်။ မြန်မာသက္ကရာဇ် နှစ်ဟောင်းလွန် မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသော အတာသင်္ကြန် ပွဲတော်သည်လည်း ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြုသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်မည်ပေ၏။

''နှစ်ဆန်းခါသည် အရေးပေမို့၊ ချွေးလုံးအဖြာဖြာနဲ့၊ မောင်တို့မှာ ဗုံသံဆန်းလေတော့၊ မယ်တို့မှာ ခါတော်ပန်းတွေနဲ့'' လွမ်းစရာ့အခါကား မြန်မာနှစ်သစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် နှင့်ဆိုင်ရာ အခါတော်နေ့ကြီး များကို လပြည့်နေ့တွင် အထွတ်အမြတ် ကျင်းပမြဲ ဖြစ်သော်လည်း နှစ်ဦးအတွက် အခါတော်နေ့ကိုမူ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကို ရွေးချယ်ပါသည်။ အကြောင်းကား ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်း ပြီးပြည့်စုံကြစေရန်၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေးကြစေရန်၊ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်မြတ်များ မွေးမြူကြစေရန်၊ အရှက်နှင့် အကြောက် လောက ပါလတရား နှစ်ပါး ထွန်းကားကြစေရန်၊ ဗြဟ္မဝိဟာရတရား လေးပါး ထွန်းကားပြန့်ပွား စေရန်နှင့် မင်္ဂလာတရားတော် များထွန်းကားပြန့်ပွား စေရန်ရည်ရွယ်၍ နှစ်သစ်မင်္ဂလာ အခါတော်နေ့ ကျင်းပပါသည်။

မြန်မာတို့၏ သင်္ကြန်ရေ ပက်ဖျန်းခြင်းသည် လေးနက် မွန်မြတ်သော အနှစ်သာရကို ပေးစွမ်းပါပေသည်။ ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာ အကြည်ဓာတ်ဖြင့် ကစားကြသည် ဖြစ်၏။ ရှေးက စမ္ပာကရမက် ပန်းပေါင်းဖက်သော အမွှေးအကြိုင် တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီး ရေလောင်းခဲ့သော အစဉ်အလာ ရှိခဲ့သည်။ သပြေခက်နှင့်လည်း ယဉ်ကျေးသိမ်မွေ့စွာ ရေပက်ခဲ့ကြသည်။ ရတနာပူရ အင်းဝနေပြည်တော် ၌ အင်းဝမင်းဆက် တို့သည် အခါသုံးရက်တွင် ညောင်ရေတော် သွန်းရန် အစီအရင်နှင့် သက်ဆိုင်သူများက ရေတော်ခပ် သွားရသည်။ မြူတာအိုး ၁ဝဝဝ ဖြင့် အစဉ်အတိုင်း ဗုံမောင်းတီးကာ မြစ်လယ်တွင် ရေခပ်ရ၏။ 

သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတာတက်သည့်နေ့ သုံးရက်ကို ညဦးက ညောင်ရေတော်ခပ်၍ နံနက်ကို သွန်းရသည်။ ဤအစဉ်အလာ များဖြင့် မြန်မာမှုသည် တင့်တယ်ထည်ဝါ ခဲ့ပေသည်။

နှစ်သစ်ကား စေတီပုထိုးနှင့် ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့် ကျောင်းကန်ဘုရား များ၌ ကြက်ပျံမကျ စည်ကားလှ၏။ ကျောင်းကန်ဘုရားသို့ သွား၍ ရေကုသိုလ်ပြုသော နှစ်ဆန်းတစ်ရက် နေ့၌ စာရေးသူတို့ ငယ်စဉ်က ရေကျော်ရွှေဘုန်းပွင့် ဘုရားဝယ် ရေသပ္ပာယ်ပြီး တစ်ဦးနှင့်တစ်ဦး ရေများဖြင့် လောင်းကြသည့်ဓလေ့ ရှိခဲ့ဖူး၏။ ရေ၏ သဘောကား ထိတွေ့သူအတွက် အအေးဓာတ်၊ အကြည်ဓာတ်ကို ပေးစွမ်းရကား နံနက်စောစော ရေအပြည့်ရှိသော ရေကန်၊ အုတ်ကန် တို့ကိုတွေ့ရမူ မင်္ဂလာဖြင့် ပြီးပြည့်စုံ၏ဟု ရှေးလူကြီးတို့ ဆိုရိုးရှိကုန်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် နှစ်ဆန်းတစ်ရက် နေ့တွင် ရေကုသိုလ်အပြင် သက်ကြီးရွယ်အို ဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်းစသော ဝေယျာဝစ္စဂါရဝ တို့ကိုလည်း ပြုလေ့ရှိသည်။ သံဃာတော်များ၏ အန္တရာယ်ကင်း ပရိတ်တရားတော် များကား လမ်းတိုင်း၊ ရပ်ကွက်တိုင်းတွင် ဘဝဂ်သို့ ရောက်မတတ် သုတိသာယာရှိလှ၏။

ထို့ပြင် ''ချိုဖျားမှာ ပိတောက်ပန်းတွေက၊ တလျှမ်းလျှမ်း ရွှေအဆင်း၊ နွားစိတ်ထဲအခဲသား ဝင်လိုက်ရ၊ ရွှင်လိုက်မည့်ဖြစ်ခြင်း''ဟူသော ကိုယ်ချင်းစာနာသည့် ဇီဝိတဒါန သက်လွှတ်ပွဲများကမူ နှစ်ဆန်း တစ်ရက်နေ့ ၏ အထူးမြတ်ဆုံး ဖြစ်သည့် မင်္ဂလာပြယုဂ် ဖြစ်တော့၏။

ဂေါတမမြတ်စွာဘုရား မပွင့်မီက ထိုခေတ် လူပုဂ္ဂိုလ်တို့သည် မင်္ဂလာဟူသော အကြောင်းချင်းရာကို ထင်ရာမြင်ရာ အငြင်းသန်ခဲ့သည်မှာ ၁၂ နှစ်ကာလပင် ကြာခဲ့၏။ မင်္ဂလာ တရားတော်ကို သာဝတ္ထိပြည် ဇေတဝန်
ကျောင်းတော်ကြီး ပေါ်တွင် နတ်သားတစ်ဦးက လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ မြတ်စွာဘုရား ဟောကြားသော မင်္ဂလာတရား (၃၈)ပါးကို စေ့ငုလေ့လာလျှင် ပေါင်းသင်း ဆက်ဆံရေး၊ နေရေးထိုင်ရေး၊ သင်ကြားရေး၊ ပြုစုရေး၊ လိုက်နာကျင့်သုံးရေး၊ ရှောင်ကြဉ်ရေး၊ စိတ်ထားတတ်ရေး၊ သည်းခံရေး၊ ခြိုးခြံချွေတာရေး စသည်တို့ကို တွေ့ရှိရပါမည်။ လောက လူသားများ အကျိုးအလို့ငှာ ထောင့်စုံမှ ဟောကြားထားခြင်း ဖြစ်ပါ၏။

ဤ မင်္ဂလာတရားတော် တွင် အသေဝနစဗာလာနံ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း၊ ပဏ္ဍိတာ နဉ္စသေဝနာ- ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း၊ ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူ တို့ကို ပူဇော်ခြင်း
မင်္ဂလာသုံးပါးကို ပေါင်းသင်းဆက်ဆံရေး မင်္ဂလာဟု အမှတ်သညာရှိ၏။ ဤသုံးပါးကို လိုက်နာကျင့်သုံးရုံ ဖြင့်ပင် အကြင်သူသည် လူတော်လူမြတ်မည် ပေသည်။

နေထိုင်ရေး မင်္ဂလာတွင် သင့်လျော်သော အရပ်၌နေရသော ပတိရူပဒေသဝါသောစ မင်္ဂလာ၊ ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိသည် ဆိုသည့် ပုဗ္ဗေစကတပုညတာ မင်္ဂလာ၊ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းသော အတ္တသမ္မာပဏီဓိစ မင်္ဂလာ အပြားသုံးပါးရှိ၏။ သင်ကြားရေး မင်္ဂလာတွင် လေးပါးတွေ့ရသည်။ လောကီလောကုတ် အကြားအမြင်များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်ရခြင်း၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်ခြင်း၊ အပြောအဆို ချိုသာ ယဉ်ကျေးခြင်းတို့ ဖြစ်သတည်း။

ပြုစုရေးမင်္ဂလာ သုံးပါးကား လောကတွင် မိမိကိုယ်ကို လူတစ်လုံးသူတစ်လုံး ဖြစ်စေနိုင်အောင် မြင့်မြတ်သည့် ကိုယ်ကျင့်သိက္ခာကို ဖော်ဆောင်ပါပေသည်။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း၊ သားမယားတို့ကို တရား နှင့်အညီ လုပ်ကျွေးခြင်း၊ အနှောင့်အယှက် ကင်းသော အလုပ်ကိုလုပ်ကိုင်ခြင်း တို့တည်း။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုစရိုက်တရားတို့ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းကား လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါး ဖြစ်၏။

ဆောင်အပ်ရှောင်အပ် ဟူသော စကားအတိုင်း ရှောင်ကြဉ်ရေး မင်္ဂလာလေးပါး အပြားရှိကုန်၏။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ ကိုယ်၊ နှုတ်ဖြင့်ရှောင်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ်တရား တို့၌မမေ့မလျော့ခြင်း တို့တည်း။

နှစ်ဆန်းတစ်ရက်နေ့ သည် မင်္ဂလာ နေ့ထူးနေ့မြတ် ဖြစ်ရကား အများသူငါ ကုသိုလ်ရေး အားထုတ်ချိန်ဝယ် မူးယစ်သောက်စား မကောင်းမှုများသူ တို့ကား အကုသိုလ်သာ ပွားချိမ့်ပေမည်။ ဥပုသ်သီတင်း မဆောက်တည်နိုင် သည်က ခံသာသေး၏။ သောက်စား ရမ်းကားခြင်းက မိမိ၏ဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်သော နှစ်သစ်ကို အရုပ်ဆိုးအကျည်းတန် စေမည် ဧကန်ဖြစ်တော့သည်။

မင်္ဂလာတရားတွင် ရိုသေထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါး ကျေးဇူးကိုသိခြင်း၊ သင့်လျော်သောအခါ တရားနာခြင်း ငါးပါးကို မြတ်သော မင်္ဂလာမည်၏ဟု ကာယကံမှု၊ ဝစီကံမှု မင်္ဂလာငါးပါးကို တွေ့ရှိရ၏။ စိတ်ထားရေး မင်္ဂလာဟု ပညတ်၏။ သည်းခံရေးမင်္ဂလာ လေးပါးရှိကုန်သည်။ သည်းခံရခြင်း၊ ဆုံးမလွယ်ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း၊ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း တို့ဖြစ်၏။ ခြိုးခြံရေး မင်္ဂလာတွင် ခြိုးခြံချွေတာခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဟူ၍ လေးပါးထင်ရှား၏။

လူတို့မည်သည် သုခချမ်းသာနှင့် မတောင့်မတ နေနေရလျှင် တရားသံဝေမမြင်၊ မထင်ပေ။ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ရမှ သံဝေဂရတတ်ကြ၏။ ထို့ကြောင့် စိတ်ထားခိုင်ခံ့ရေး မင်္ဂလာတွင် လောကဓံတရားနှင့်  တွေ့ကြုံသော အခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ မစိုးရိမ်ခြင်း၊ ကိလေသာ မြူကင်းခြင်း၊ ဘေးကင်းခြင်းဟူ၍ လေးပါးရှုပွား နိုင်ပေသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့သည် ဤရွေ့ဤမျှ အကျိုးကြီးမားသော မင်္ဂလာတရားတော်များ ထုံသင်းပျံ့နှံ့ ကျင့်ကြံရန် နှစ်တစ်နှစ်၏ အစပျိုးရက် ဖြစ်ရကား အလွန်ပင် ကျက်သရေမင်္ဂလာ ခညောင်းသည့် အခါတော်နေ့ ဖြစ်ပေသည်။ အစဉ်အဆက် ထိန်းသိမ်းခဲ့သော မဟာသင်္ကြန် ကို ယဉ်ကျေးစွာ ပျော်ရွှင်ခြင်းဖြင့် ဖြတ်သန်းပြီး သကာလ ရောက်ရှိလာမည့် မြန်မာနှစ်သစ်တွင် ဗုဒ္ဓယဉ်ကျေးမှု မင်္ဂလာတရားတော်များ ပျံ့ပွားလာရေးကို လူတိုင်းကိုယ်စီ အလေးထားသင့်ပါ၏။ ''တိုးတက်ကြီးပွား၊ စီးပွားမြော်ကာ၊ နောင်ခါနောင်ရေး၊ မြော်တွေး၍သာ၊ တစ်ခုတတ်က၊ လူ့ရပ်နယ်မှာ၊ တန်ခိုးထွက်၊ တိုးတက်မင်္ဂလာ'' ဟူသော မင်္ဂလာတရားတော် များသည် ဗုဒ္ဓယဉ်ကျေးမှုမှ သန္ဓေတည် ပေါက်ဖွားလာသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်ကြောင်း နှစ်သစ်မင်္ဂလာ အခါတော်နေ့ကို အလေးအမြတ်ထား ပူဇော်အပ် ပါသတည်း။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...