Social Icons

Pages

Tuesday, April 4, 2017

မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေနေ (Any Time, Any Where, Any How) တွင်မဆို ရည်မှန်းချက်အောင်မြင်အောင် တိုက်ပွဲဝင်နိုင်ရမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကောင်းဆုံးသင်တန်းသူဆုရရှိသည့် ဗိုလ်ဇင်သန္တာကို ဆုပေးအပ်စဉ်။

အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)သင်တန်းအမှတ်စဉ်(၁)မှသင်တန်းသားများ တစ်ချောင်းမှောက်ကြိုးဖြတ်ကျော်ခြင်း သရုပ်ပြသစဉ်။

အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး )သင်တန်း အမှတ်စဉ်(၁) မှသင်တန်းသားများ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးကွင်း အတွင်းစွမ်းရည်ြပသခြင်းများ သရုပ်ပြသစဉ်။

နေပြည်တော် (၄-၄-၂၀၁၇)

အထူးတပ်ဖွဲ့များ ၏စွမ်းရည် မြင့်မားမှုသည် တပ်မတော်၏ စွမ်းရည်ြမင့်မားမှု၊နိုင်ငံတော်၏ဂုဏ်သိက္ခာ မြင့်မားမှုများနှင့် တစ်သားတည်း ဖြစ်သည်ကို အမြဲသတိချပ် နေရမည်ဖြစ်ကြောင်း၊ တာဝန်ပေး အပ်လာပါက ''တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်" ဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေ (Any Time, Any Where, Any How) တွင်မဆိုရည်မှန်း ချက်အောင်မြင်အောင် တိုက်ပွဲဝင်နိုင် ရန်အတွက် ဆက်လက်လေ့ကျင့် လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ အထူးတာဝန် တပ်ဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြု ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကအထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) သင်တန်း နှင့်ပတ်သက်၍ ပြောကြားရာတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ အနေဖြင့်အထူး တာဝန်တပ်ဖွဲ့ဆိုင်ရာ သင်ခန်းစာများအား ကျွမ်းကျင်တတ်မြောက်စေရန်၊ မည်သည့်စစ်ဆင်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကိုမဆို တာဝန်ပေးအပ်လာပါက အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဆင့်မီ ထူးချွန်ထက်မြက်သော အမျိုးသမီးတပ်ဖွဲ့ဝင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရန် အတွက်ကျန်းမာကြံ့ခိုင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ်၍ သင်တန်းဝင်ဆန်းစစ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများအဆင့်ဆင့်ပြုလုပ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့သင်တန်းဆင်း အမျိုးသမီးတပ်ဖွဲ့ဝင်များ အနေဖြင့် ယင်းစစ်ဆေးမှု အဆင့်ဆင့်နှင့် ခက်ခဲပြီး ပင်ပန်းကြမ်းတမ်းသော လက်တွေ့လေ့ကျင့်မှုများကိုပါ အမျိုးသားများ နည်းတူ လိုက်ပါဆောင်ရွက် နိုင်ခြင်းကြောင့် ယခုကဲ့သို့ ဆန်ခါတင်ကျန်ရှိပြီး သင်တန်းဆင်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပေးအပ်လာမည့် တာဝန်များကို ပီပီပြင်ပြင် အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံသမိုင်းတွင် မြန်မာအမျိုးသမီး များသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မျိုးချစ်စိတ် နှင့်အတူစစ်သွေး စစ်မာန်အစဉ် ထက်မြက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်ရာတွေ့ မြင်ခဲ့ရကြောင်း ၊ လွတ်ပ်ရေးအတွက် တိုက်ပွဲဝင်သည့် ကာလတွင် မျိုးချစ်အမျိုးသမီးထုက ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သည့် ကာလတွင်လည်း မြန်မာအမျိုးသမီးအချို့တပ်မတော်၌ ဝင်ရောက် စစ်မှုထမ်းပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်ကာကွယ်ရေး အတွက်အမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းခဲ့ရာတွင် ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီးစစ်မှုထမ်း များစွာပေါ်ပေါက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊လေ)၌ ရာထူးအဆင့် အမျိုးမျိုးဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတကာတပ်မတော်များနည်းတူ အမျိုးသမီးထု၏ အင်အားကို နိုင်ငံတော်ကာကွယ်ရေးတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက် နေသောနိုင်ငံများကို လေ့လာပါက လူသားအရင်းအမြစ်များ အသုံးချရာတွင်ယောက်ျား၊ မိန်းမမခွဲခြားဘဲ ပါဝင်ဆောင်ရွက် နေသည်ကိုတွေ့ရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ထိပ်တန်း တပ်မတော်များတွင် နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးအတွက် အမျိုးသမီးတပ်ဖွဲ့များကို ဖွဲ့စည်းတာဝန်ပေး အပ်ထားကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့၏ တပ်မတော်များတွင် အမျိုးသမီးအထူးတပ်ဖွဲ့များ ဖွဲ့စည်းလေ့ကျင့် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း၊ နိုင်ငံတကာ တပ်မတော်များတွင် အမျိုးသမီးစစ်မှု ထမ်းများသည် ဌာနချုပ်များ၌သာမကရှေ့တန်းကွပ်ကဲမှုဌာနချုပ် စစ်မြေပြင်တာဝန်များ၊ လေသူရဲတာဝန်များ စသည့်အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ ယခုကဲ့သို့ မြန်မာ့တပ်မတော်တွင် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) များကို ဖွဲ့စည်း လေ့ကျင့်နိုင် ခြင်းသည် မြန်မာနိုင်ငံ အမျိုးသမီးထုအတွက် ဂုဏ်ယ်ယူဖွယ်ရာ တစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ အဓိက အသက်သွေးကြောမှာ အချုပ်အခြာ အာဏာပင်ဖြစ်ကြောင်း၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ်ရေး အာဏာဆိုသည့် အာဏာသုံးရပ် သည်မိမိနိုင်ငံသား၊ မိမိလူမျိုးများ၏ လက်ထဲတွင်သာ ရှိနေရမည် ဖြစ်ကြောင်း၊ မည်သည့် တိုင်းတစ်ပါးသားများ၏ လက်ထဲကိုမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောက်ရှိနေလို့မရကြောင်း၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို သူတစ်ပါးက တစ်နည်းနည်းဖြင့် သြဇာလွှမ်းမိုးနေပါက ခေတ်သစ်ကိုလိုနီ နယ်ချဲ့ဝါဒအရ သွယ်ဝိုက်သောနည်းဖြင့် ကျွန်ပြုခြင်းခံနေရပြီဟု မှတ်ယူရမှာဖြစ်ကြောင်း ၊ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်၍နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အသက်နှင့်လဲပြီး ကာကွယ်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြော ကြားသည်။

ဆက်လက်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ကမ္ဘာတွင်ဖြစ် ပေါ်နေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များသည် မမျှော်မှန်းနိုင်သော နည်းလမ်းမျိုးစုံဖြင့် ပေါ်ပေါက်လာပြီး ဆုံးရှုံးမှု မြောက်မြားစွာ ဖြစ်ပေါ်စေခြင်းကြောင့် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာကြောင်း၊ အကြမ်းဖက်မှုများ ကိုလေ့လာပါက အများအားဖြင့် အစိုးရအပေါ်၊ နိုင်ငံတစ်နိုင်ငံအပေါ်၊ လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေး ခွဲခြားမှုများအပေါ် မကျေနပ်မှုက စတင်ဖြစ်ပေါ်သည် ကိုတွေ့ရကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသည် လူအင်အားနည်းနည်းဖြင့် ရည်မှန်းချက်တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် အားသာချက်ဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ပြီး ၎င်းတို့အဖွဲ့များ၏ ရပ်တည်ချက်နှင့် ရည်မှန်းချက်များကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ရသည့်အပြင် ပြည်သူလူထုကို ထိတ်လန့်စေပြီး ထင်ယောင်ထင်မှား ဖြစ်စေနိုင်ကြောင်း၊ နိုင်ငံတော်၏မူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးကိုပါ ရိုက်ခတ် ပြောင်းလဲစေနိုင်ကြောင်း ၊အကြမ်းဖက်မှု ဖြစ်စဉ်များ မည်သို့ဖြစ် လာနိုင်သည်ကို ခန့်မှန်းရန်ခက်ခဲပြီး ဖြစ်စဉ်ဖြစ်ပွား ပါကလည်း အောင်မြင်စွာ ထိန်းချုပ်နိုင်ရေး အတွက်ခက်ခဲစွာ ဖြေရှင်းလုပ်ဆောင် ကြရကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက် ဖြစ်စဉ်များကို အချိန်တိုအတွင်း စနစ်တကျလျင်မြန်စွာ တုံ့ပြန်ဖြေရှင်း နိုင်ရန်လွန်စွာ အရေးကြီးကြောင်း ၊ယင်းအကြမ်းဖက်မှုများကို နည်းမျိုးစြုံဖင့် ဖော်ထုတ်ပြီး ကြိုတင်ဟန့်တားရန်၊ တိုက်ခိုက် ချေမှုန်းရန် အထူးတပ်ဖွဲ့ဝင်များစွာလိုအပ် ကြောင်းရှင်းလင်း ပြောကြားသည်။

ယင်းနောက် လေ့ကျင့်ရေး နှင့်ပတ်သက်၍ နဂိုရှိပြီးသား အခြေခံများအား ကောင်းမွန်ထိရောက်သည့် လေ့ကျင့်ရေးသင်ထောက်ကူ ပစ္စည်းများနှင့် ပြည့်စုံစွာ လေ့ကျင့်ခြင်း ဖြင့်အရည်အသွေး တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း ၊တပ်မတော်သား တစ်ဦးသည် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ယုံကြည်မှုဆိုသည့် အခြေခံရှိမှသာ လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ၊ ''လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်''ဆိုသည့်အတိုင်း စနစ်တကျလေ့ကျင့်မှု များလိုအပ်ကြောင်း၊ အထူးတပ်ဖွဲ့သင်တန်းသည် ပင်ပန်းကြမ်းတမ်း ပြီးခက်ခဲသည့် သင်တန်းအမျိုးအစား တစ်ခုဖြစ်ကာ သင်ကြားလေ့ကျင့် ပေးသည့် သင်ခန်းစာများကို စစ်နည်းဗျူဟာနှင့်ပေါင်းစပ်၍ လက်တွေ့နယ်ပယ်တွင် မိမိ၏ ထိုးထွင်းကြံဆ လုပ်ဆောင်မှုများ ဖြင့်အသုံးချ နိုင်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊တပ်ဖွဲ့ဝင်တစ်ဦး ချင်းအနေဖြင့် မိမိ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာတွင် မြန်မာ့တပ်မတော်၏ စွမ်းရည်ကို ပြသနိုင်စွမ်းရှိအောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အကောင်းဆုံး သင်တန်းသူဆု ရရှိသည့် ဗိုလ်ဇင်သန္တာ၊ အကောင်းဆုံး လက်ဖြောင့်သမား ဆုရရှိသည့် ရဲတပ်ကြပ်ကြီး အိဖြိုးအောင်၊ အကောင်းဆုံး ကြံ့ခိုင်ရေးဆု ရရှိသည့် တပ်ကြပ်ကြီး/စာရေး အေးအေးပြုံးနှင့် အကောင်းဆုံး ချေမှုန်းရေးတပ်ဖွဲ့ဆုရရှိသည့် ချေမှုန်းရေးအဖွဲ့ (၆) ကိုယ်စား အဖွဲ့ခေါင်းဆောင် ဗိုလ်ဟေမာသီတာကျော် တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး)သင်တန်း လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြသည်။

ယင်းနောက် အထူးတာဝန်တပ်ဖွဲ့(အမျိုး သမီး)သင်တန်းသားများက ကြိုးတန်းလမ်း လျှောက်ခြင်းနှင့် တစ်ချောင်းမှောက်ကြိုးဖြတ် ကျော်ခြင်း၊ ရိုးရိုးကြိုးဆင်းခြင်း၊ စောက်ထိုး ကြိုးဆင်းခြင်းနှင့် ပြေး၍ကြိုးဆင်းခြင်း၊ ရဟတ်ယာဉ်ပေါ်မှ ကြိုးဖြင့်ဆင်းခြင်း စသည့်ကြိုးဆင်း စွမ်းရည်များ သရုပ်ပြသခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး ကွင်းအတွင်း စွမ်းရည်ပြသခြင်းများ သရုပ်ပြသကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာ ကြသူများက ကြည့်ရှု အားပေးကြသည်။

အဆိုပါအထူး တာဝန်တပ်ဖွဲ့(အမျိုးသမီး) သင်တန်းအမှတ်စဉ် (၁) အား ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် မှစ၍ သင်တန်းသူ ၇၅ ဦးဖြင့် ဖွင့်လှစ်သင်ကြား ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ အတွင်း သင်တန်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီး လေထီးခုန်သင်ခန်းစာနှင့် အကြမ်းဖက်နှိမ်နင်းရေး သင်ခန်းစာများအား အမျိုးသားများနည်းတူ ပင်ပန်းကြမ်းတမ်းစွာ ခက်ခက်ခဲခဲ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး တပ်မတော်မှ အမျိုးသမီးအရာရှိ၊ စစ်သည် ၃၅ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမျိုးသမီးအရာရှိ၊ စစ်သည် ၁ဝ ဦး အောင်မြင်စွာ ဆန်ခါတင်သင်တန်း တက်ရောက်ပြီးစီး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...