Social Icons

Pages

Wednesday, March 1, 2017

အသီးကိုဖျော်မသောက်ဘဲ စားပေးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းမွန်



နယူးယောက် ၊ ၁-၃-၂၀၁၇

အသီးအနှံဖျော်ရည် များကို သောက်သုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ဟု အများက ယုံကြည်နေကြ သည်မှာ ကျယ်ပြန့် စွာ သုတေသနပြု လေ့လာစမ်းသပ် ထားသည့် အဖြေများကြောင့် မဟုတ်ဘဲ လူတစ်ယောက်စ၊ နှစ်ယောက်စ၌ အကျိုး သက်ရောက်သည်ကို တွေ့ ရှိပြီးနောက် အယုံလွယ် သွားကြ ခြင်းသာ ဖြစ်ပြီး တစ်ကယ်တမ်းတွင် အသီးအနှံ ဖျော်ရည်များ၌ ပါဝင်သည့် အချိုနှင့် သကြားဓာတ် တို့ ကြောင့် သောက်သုံးသူ များတွင် ကျန်းမာရေးကို အထောက်အကူ ပြုသည်ထက် ထိခိုက်စေသည်က ပိုများနိုင်သည် ကို ဂရုပြုရန် လိုအပ်ကြောင်း အမေရိကန် သုတေသီများက ပြောသည်။ 

" အချို့ က မနက်စာမှာ အဖတ်မစားဘဲ  အရည်သောက်ကြ ပါတယ်။ သူ့ ခန္ဓာကိုယ် အကျင့်နဲ့ သူ နေလို့  ထိုင်လို့ ကောင်းတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းအတွက် တူတဲ့ အကျိုးကျေးဇူး ကို ပေးမယ်ဆိုတာ မျိုးတော့ သိပ္ပံနည်းကျ အထောက်အထားတွေ မရှိသေးပါဘူး။ ဒီတော့ မုန်လာဥနီ တစ်လုံးကို ကြိတ်ပြီး အရည်ဖျော်သောက် လိုက်တာနဲ့  ကျန်းမာရေး ကောင်းသွားပြီ ဆိုတာမျိုးတော့ လက်ခံဖို့  ခက်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

သစ်သီးဖျော်ရည် သောက်ခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းကျိုးပြုသည် ဆိုခြင်းမှာ လူအပြောသာ ရှိကြောင်း၊ အမှန်တစ်ကယ် အကျိုးသက်ရောက်မှု ရှိသည့် လက္ခဏာများ ရှိ၊ မရှိ သိပ္ပံနည်းကျ စူးစမ်းလေ့လာ ရန် လိုအပ်နေကြောင်း၊ သက်ကြီးစကား သက်ငယ်ကြားကာ လူပြောများ၍ အသီးအနှံ ဖျော်ရည်များက ဆေးဖက်ဝင်သည် ဟု ယုံကြည် နေကြခြင်းသာ ဖြစ်ကြာင်း ၄င်းက ဆက်လက် ပြောပြသည်။ 

ဖျော်ရည် ဖျော်သောက်ရာတွင် သကြားထပ်ထည့် ခြင်းကြောင့် ကယ်လိုရီ မြင့်မားလာလေ့ ရှိကြောင်း၊ အသီး ကို ဖျော်ရည်ဖျော်သည့် အခါ အလွန်အရေးပါသော ဖိုက်ဘာတစ်ရှူးမျှင် များကို ဖယ်ထုတ်ပစ် ကြကြောင်း၊ သီးဖျော်ရည်ကို ဖျော်သောက်သည် ဆိုရာဝယ် တစ်ကယ်တမ်းတွင် ဗီတာမင် အနည်းငယ်သာ ပါသော သကြားရည်ကို သောက်နေသည်နှင့် တူနေကြောင်း၊ တစ်ကယ်တမ်းတွင် အသီးကို ဖျော်မသောက်ဘဲ သဘာဝအတိုင်း စားခြင်းကသာ ကျန်းမာရေးကို အထောက်အကူ ပြုမည့် အဟာရမျိုးစုံ ပါဝင်စေမည် ဖြစ်ကြောင်း သိရသည်။ 

ရှေးပဝေသဏီ အချိန်ကစပြီး ယနေ့ ထိထက်တိုင် အသီးအနှံများကို အရည်ဖျော် သောက်ရသည်ကို လူအများက နှစ်သက်ကြကြောင်း၊ အသီးတစ်ခုလုံးကို အရည်ဖျော်ပြီး သကြား ထပ်မထည့်လျှင် ကောင်းသော်လည်း အသီး၏ အဆီအနှစ်များကို ဖယ်ထုတ်ခြင်း၊ ဖိုက်ဘာတစ်ရှူးမျှင် များကို ဖယ်ထုတ်ခြင်း၊ သကြား ထပ်ထည့်ခြင်း၊ ထို့ အပြင် သောက်ကောင်းအောင်၊ အနံ့ အရသာ နှင့်ပြည့်စုံအောင် နည်းမျိုးစုံဖြင့် ပြင်ဆင်ခြင်း တို့ ကြောင့် သစ်သီးဖျော်ရည်မှ ကယ်လိုရီ အလွန်မြင့်သော ဖျော်ရည် ဖြစ်မှန်းမသိ ဖြစ်လာကြောင်း၊ ထို့ ကြောင်း အသီးအနှံဖျော်ရည် ဖျော်သောက်တိုင်း ကျန်းမာရေးနှင့် ညီညွှတ်သည်ဟု ယုံကြည်မှတ်ယူရန် မဖြစ်နိုင်ဘဲ ဂရုပြုရန် လိုအပ်ကြောင်း သုတေသီများက ဝေဖန်ထောက်ပြ ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...