Social Icons

Pages

Monday, March 20, 2017

သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာတက္ကသိုလ်၌ သီတဂူဆရာတော်ကြီး ကိုယ်တိုင် တရားတော်များကို သင်ကြားပို့ချပေးမည်



စစ်ကိုင်း ၊ ၂၀-၃-၂၀၁၇

တပေါင်းလပြည့် မတ် ၁၂ ရက်က အသစ်ဖွင့်လှစ် ခဲ့သည့် သီတဂူ အပြည်ပြည် ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်တွင် သီတဂူ ဆရာတော်ကြီး ကိုယ်တိုင် တရားတော် များကို ဧပြီ ၁ ရက်မှ ၁ဝ ရက်ထိ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ သိရသည်။

အဆိုပါ သင်ကြားပေးမှုကို ရဟန်း သံဃာများနှင့် သီလရှင်များကိုသာ သင်ကြားပေး သွားမည်ဖြစ်ပြီး ယခုအကြိမ်သည် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ် ဖွင့်လှစ်ပြီး ပထမအကြိမ် သင်ကြားပို့ချ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ တက္ကသိုလ်ကို စစ်ကိုင်းတောင်ရိုး သောတပန် ရပ်ကွက်အုပ်စု၊ ဆန်းသစ်ရပ်ကွက် အနောက်ဘက် တောင်ဖီလာ စေတီတော် အနီးရှိ မြေဧက ၇ဝ ဒသမ ၂၆ ဧကအကျယ်အဝန်း ပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ်က စတင် တည်ဆောက်ခဲ့ပြီး ယခုနှစ် မတ် ၁၂ ရက် (တပေါင်းလပြည့်) သီတဂူ ဆရာတော်ကြီး သက်တော် (၈ဝ) ပြည့်မွေးနေ့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် တွင် ယောဂီ ဦးရေ ၃ဝဝ တရားအားထုတ် နိုင်သော သီတဂူ သံဝေဇနိယဓမ္မ ဗိမာန်တော်ကြီး၊ သီတဂူ ဒီပင်္ကရစေတီတော်၊ ရွှေစည်းခုံ စေတီတော် အပါအဝင် နိုင်ငံတကာမှ စေတီပုံစံတူ ၁၅ ဆူ၊ ဆရာတော်ကြီး သီတင်းသုံး နေထိုင်မည့် ကျောင်းဆောင်၊ လက်ထောက် ဆရာတော် ကျောင်းဆောင်၊ အမျိုးသား ယောဂီဦးရေ ၁၀၀ နေထိုင်နိုင်ရန် အတွက် အဆောင် ငယ်ပေါင်း ၁ဝဝ၊ အမျိုးသမီး ယောဂီဦးရေ ၁ဝဝ နေထိုင်နိုင်ရန် အတွက် အဆောင်ငယ်ပေါင်း ၁ဝဝ၊ ရုံးခန်းမဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် ဂါလန် ငါးသောင်းဆံ့ ရေကန်နှစ်ကန် စသည်တို့ကို တည်ဆောက် ထားသည်။

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ၏ အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဉာဏဿိ ရအနေဖြင့် သက်တော် (၈၀) ပြည့်မွေးနေ့မှ စတင်၍ ပြည်တွင်း၊ ပြည်ပ လှည့်လည် တရားဟောကြားခြင်း အစီအစဉ်များကို လျှော့ချသွားမည် ဖြစ်ပြီး သီတဂူ အပြည်ပြည် ဆိုင်ရာ ၀ိပဿနာတက္ကသိုလ် တွင် တရားဟောခြင်း၊ တရားပြခြင်းများ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် မှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...