Social Icons

Pages

Sunday, March 12, 2017

တပေါင်းလပြည့်


တပေါင်းလပြည့်

ယနေ့သည် တပေါင်းလပြည့်နေ့ ဖြစ်သည်။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူ ပြီးနောက် လူ နတ် ဗြဟ္မာ တို့အား ကျွတ်တမ်းဝင် စေကြောင်း သတင်းကောင်းကို ကြားသိရသော ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် သားတော် ဘုရားရှင်အား ကပိလဝတ်ပြည် သို့ ကြွရောက်ရန် အမတ် တစ်ယောက်လျှင် အခြံအရံတစ်ထောင် ခြံရံစေပြီး ပင့်ဖိတ်စေသည်။ ရောက်လာသမျှသော အမတ်များနှင့် အခြံအရံများသည် ဘုရားရှင် ရှေ့မှောက်တွင် တရားနာကြားကြ ရ၍ ရဟန်းများ ဖြစ်သွားကြသည်။

နောက်ဆုံး ဆယ်ယောက်မြောက် အမတ်ဖြစ်သော ဘုရားရှင်၏ ဖွားဖက်တော် ကာဠုဒါယီ အမတ်နှင့် အခြံအရံတော် တစ်ထောင်ကို စေလွှတ်ခဲ့ရာ ကာဠုဒါယီ အမတ်သည်လည်း ဘုရားရှင်ရှေ့တွင် တရားနာကြားရ၍ ရဟန်းဖြစ်သွား ခဲ့သည်။ ရဟန်း ကာဠုဒါယီသည် ၄င်း၏ တာဝန်ဖြစ်သော ဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွချီရေးအတွက် တပေါင်းလ သာယာပုံ၊ လမ်းခရီး ဖြောင့်ဖြူးပုံ ကြည်နူးဖွယ် အစုံစုံတို့ကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် ဘုရားရှင်အား လျှောက်ထားခဲ့သည်။

ရဟန်း ကာဠုဒါယီ ၏ လျှောက်ထားချက်အရ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစ၍ ရာဇဂြိုဟ်ပြည်မှ ယူဇနာ ၆ဝ ကွာဝေးသည့် ကပိလဝတ်ပြည်သို့ တစ်ရက်လျှင် တစ်ယူဇနာကျ ခရီးဖြင့် ဒေသစာရီ ကြွချီ တော်မူခဲ့သည်။ ထို့ကြောင့် တပေါင်း လပြည့်နေ့ကို မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါသမယနေ့ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

တပေါင်းလရာသီသည် ရေကျချိန်ဖြစ်၍ သဲသောင်များ ထွန်းလေ့ရှိသည်။ ပေါ်ထွန်းလာသည့် သဲသောင်များ အပေါ်တွင် ရှေးအခါသမယမှ စတင်ကာ မင်းနှင့်တကွသော ပြည်သူများသည် သဲပုံစေတီများ ပြုလုပ်ပူဇော်ကြသည်။ 

ထို့ကြောင့် တပေါင်းပွဲတော် ဟူသည် မြတ်စွာ ဘုရားရှင်အား သဲပုံစေတီ ပြုလုပ်ပူဇော်သည့်ပွဲ အဖြစ်လည်း သတ်မှတ်ခေါ်ဝေါ် ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည် သို့ တစ်ရက်လျှင် တစ်ယူဇနာ ခရီးဖြင့် ဒေသစာရီကြွ ချီခဲ့ရာ ကဆုန်လပြည့် နေ့တွင် သံဃာတော် ၂ဝဝဝဝ ခြံရံလျက် ကပိလဝတ်ပြည် သို့ ရောက်တော်မူ ခဲ့သည်။ 

ရောက်ရှိသည့်အခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးနှင့် ဆွေတော်မျိုးတော်များ၊ ပြည်သူများအား တရားရေအေး တိုက်ကျွေး၍ ကျွတ်တမ်းဝင် စေခဲ့သည်။ တစ်ဆက် တည်းတွင် အနာဂတ် သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့စေရေး အတွက် ရဟန်း၊ ရဟန်းမ၊ ဒါယကာ၊ ဒါယိကာမ များအား ဘွဲ့ထူးဂုဏ်ထူး အဖြစ် ဧတဒဂ်ဘွဲ့များ ချီးမြှင့် တော်မူခဲ့သည်။

နိုင်ငံတော်အစိုးရ တို့သည် သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော် များနှင့်အတူ လူမှုထူးချွန်ဆု ဆိုင်ရာ တံဆိပ်များကိုလည်း နှစ်စဉ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ ထုတ်ပြန် ကြေညာပြီး မြန်မာ သက္ကရာဇ် ၏ နောက်ဆုံးလ ဖြစ်သည့် တပေါင်းလပြည့် နေ့တွင် ဘွဲ့တံဆိပ်တော်များနှင့် လူမှုထူးချွန်မှု ဆိုင်ရာ တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း  ပူဇော်ချီးမြှင့်လေ့ ရှိသည်။ ထို့ကြောင့် တပေါင်းလပြည့်နေ့ ကို ဘုရားရှင်အား အကြောင်းပြုပြီး မြတ်ဗုဒ္ဓ ပြည်တော်ပြန် အခါသမယနေ့၊ တပေါင်းပွဲတော်နေ့ (သဲပုံစေတီပွဲနေ့)၊ သာသနာနုဂ္ဂဟနေ့ ဟူ၍ ခေါ်ဆိုကြခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...