Social Icons

Pages

Tuesday, March 14, 2017

ရှေးဟောင်းအမွေ သစ်ပင်ကြီးများ လျော့ပါးလာခြင်း မရှိစေရေး


ရှေးဟောင်းအမွေ သစ်ပင်ကြီးများ လျော့ပါးလာခြင်း မရှိစေရေး

ပုဂံမှ သက်တမ်း နှစ် ၁၀၀၀ ကျော်ရှိ မန်ကျည်းပင်
မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ မြို့ပြ၏အလှသည် စည်းကမ်း ဖြစ်သကဲ့သို့ ကျေးလက်ဒေသ များ၏ အလှသည်လည်း သစ်တော၊ သစ်ပင်များ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ကျေးလက်အလှ သည် အိမ်ကြီးအိမ်ကောင်း များနှင့် ကြွယ်ဝချမ်းသာ ခြင်းအပြင် သစ်တော၊ သစ်ပင်တို့ဖြင့် အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့ ရှိနေမှသာ ကျေးလက်၏ အလှ ပိုမိုပေါ်လွင်သည်။

အိမ်ကြီးအိမ်ကောင်း များနှင့် ပြည့်နှက်နေပြီး သစ်ပင်ကြီးများ မရှိသော ကျေးရွာများသည် လှပသောကျေးရွာ ဟု မဆိုနိုင်။ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်ရှိသည်။ သို့သော် သစ်ပင်ကြီးများနှင့် အုပ်အုပ်ဆိုင်းဆိုင်း ညို့ညို့မှိုင်းမှိုင်း ရှိသော ကျေးရွာများကား တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်သည်။ ထိုသို့ဖြစ်ရ သည်မှာ နေအိမ်များ ချဲ့ထွင်လာခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ရန် သစ်ပင်ကြီးများအား ခုတ်လှဲခြင်း၊ ထင်းအဖြစ် သစ်ပင်ကြီးများကို ခုတ်လှဲခြင်း တို့ကြောင့် ဖြစ်သည်။

ကျေးရွာဒေသ အများစုသည် လောင်စာအဖြစ် ထင်းကိုသာ သုံးစွဲကြသည်။ ထို လိုအပ်သော ထင်းအတွက် နေအိမ်ခြံဝင်း အတွင်းရှိ သက်တမ်းရင့် အပင်ကြီးများကို ကိုင်းချိုင်ခြင်း၊ ပင်စည်မှ ခုတ်လှဲခြင်း တို့ဖြင့် ဖြည့်တင်း နေကြရာ သစ်ပင်ကြီးများ တဖြည်းဖြည်း လျော့ပါးလာကာ ကျေးရွာ၏ စိမ်းလန်းစိုပြည်မှု နည်းပါးလာသည်။ သစ်ပင်ကြီးများ လျော့နည်း လာခြင်းကြောင့် အရိပ်အာဝါသ လည်း နည်းပါးလာသည်။ ထိုအခါ နွေကာလများ၌ အပူဒဏ်ကို ဒေသခံပြည်သူများ ခံစားကြရ တော့သည်။

တဲအိမ်ပင် ဖြစ်လင့်ကစား ကြီးမားသော သစ်ပင်များရှိလျှင် အရိပ်အာဝါသ ကောင်းသောကြောင့် အပူဒဏ်ကို ကာကွယ်နိုင်ပြီး အေးချမ်းကာ နေချင့်စဖွယ် ဖြစ်စေသည်။ မန်ကျည်း၊ ကုက္ကို၊ ထနောင်းနှင့် တမာပင်ကြီး များသည် အထက်အညာ ကျေးလက်ဒေသ များအတွက် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည်။ ပုဂံရှေးဟောင်း ဒေသအတွင်း သက်တမ်းရာကျော် ထနောင်းပင်ကြီး များကို ယနေ့ထိ တွေ့ရှိနိုင်သည်။ အချို့သော နိုင်ငံများက သက်တမ်းရင့် သစ်ပင်ကြီး များကို ရှေးဟောင်း အမွေအနှစ်သဖွယ် ထိန်းသိမ်းထား ကြသည်။ သစ်ပင်များအပေါ် တန်ဖိုးထား ကြသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသ များတွင် သစ်ပင်ကြီးများကို အလွယ်တကူ ခုတ်လှဲနေမှုအား ပြည်သူများ အနေဖြင့် သတိပြုဆင်ခြင် သင့်ပြီး တာဝန်ရှိသူ များကလည်း ကျေးရွာအလိုက် သစ်ပင် သန်းခေါင်စာရင်း ကောက်ယူပြီး ဥပဒေနှင့် ကြပ်မတ်ကာ သစ်တော သစ်ပင်ကြီးများ လျော့ပါးလာခြင်း မရှိစေရေး ဆောင်ရွက်သွား သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...