Social Icons

Pages

Wednesday, March 29, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များမှ တပ်မတော်ဆေးရုံများ အတွက်အလှူငွေပေးအပ်လှူဒါန်း


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ်။

နေပြည်တော် ၂၉-၃-၂၀၁၇
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များမှ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော် ဆေးရုံများ အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တပ်မတော် ဆေးရုံကြီးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အလှူငွေ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ယခုလှူဒါန်းမှုသည် တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေကြသော တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော်ကို အမှီပြု၍ ဆေးဝါးကုသမှု ခံယူနေကြသူ များအတွက် လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းသည့် ငွေများအား ဗီယက်နမ်နိုင်ငံ Viettel Global Investment JSC ကုမ္ပဏီမှ Mytel Brand  Name ရွေးချယ်ပေးမှု အတွက် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ Mytelသည် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ Star High Co.,Ltd၊ Viettel Global Investment JSC နှင့် ပုဂ္ဂလိကအများ ပိုင်ကုမ္ပဏီ ဖြစ်သည့် Myanmar National Telecom Holding Public Limited တို့ပေါင်းစည်း ထားသော Myanmar National Tele Communication Co.,Ltd အနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထအော်ပရေတာ အဖြစ် GSM Nerwork ကို တရားဝင် လုပ်ကိုင်ခွင့် ရရှိသည့် Brand Name ဖြစ်ကြောင်း၊ ထိုသို့ Mytel Brand Name ကို ရွေးချယ်ပေးခဲ့မှု အတွက် Viettel Global Investment JSC ကုမ္ပဏီမှ ဂုဏ်ပြုချီးမြှင့် ပေးအပ်သောငွေမှ အခွန်ဆောင်ပြီး ကျန်ငွေအားလုံးကို မိမိတို့မိသားစုက ယခုကဲ့သို့ ပြန်လည် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မိမိ၏ဆန္ဒမှာ လူတိုင်းအတွက် ကျန်းမာရေးမှာ အဓိကကျသဖြင့် တပ်မတော်သား မိသားစုဝင်များ၊ တပ်မတော်ကို အမှီပြု၍ ဆေးဝါးကုသမှု ခံယူနေကြသူများ၊ ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် စေလိုကြောင်း၊ ယခုလှူဒါန်းသည့် ငွေကိုလည်း ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် မျက်စိရောဂါ ကုသမှုများ အတွက်ဦးစားပေး သုံးစွဲစေလိုကြောင်း၊ ယင်းရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာတစ်ခုအထိ အသက်ကယ်ဆယ်နိုင်မှု၊ လူမှုစီးပွား အထောက်အကူပြု မှုရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့်မိသားစု ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်း ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။ 

၎င်းနောက် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

#themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...