Social Icons

Pages

Thursday, March 30, 2017

နွေရာသီမှာ ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာများ


နွေရာသီမှာ ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာများ

( ဒေါက်တာလွင်သန့် )

မတ်လ ပထမသီတင်းပတ် အတွင်း မကွေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ထက်ကျော်လွန်ပြီး နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိကာ အပူဒဏ်အန္တရာယ် ရှိကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးက ပြောကြားခဲ့တယ်။ နေ့အပူချိန် အမြင့်ဆုံး ၄ဝ ဒီဂရီ စင်တီဂရိတ်မှ ၄၂ ဒီဂရီ စင်တီဂရိတ် အတွင်း ရောက်ရှိနိုင်တဲ့ ဒေသတွေက မကွေးတိုင်း ဒေသကြီး အနောက်တောင်ပိုင်း နဲ့တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း နဲ့ အလယ်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး အလယ်ပိုင်း၊ မွန်ပြည်နယ် အလယ်ပိုင်းဒေသ တို့ဖြစ်ကြောင်း သတိပေးပြောဆို ခဲ့တာပါ။ ''အပူဒဏ် တစ်ခုတည်း မဟုတ်ဘူး။ ရေရှားတာတွေ၊ မီးလောင်တာတွေ နဲ့ စိုက်ပျိုးရေး ကဏ္ဍ၊ အထွက်နှုန်း လျော့နည်းတာတွေ ဖြစ်လာနိုင်တယ်လို့'' ပြောပါတယ်။

ရန်ကုန်မြို့မှာ နေ့အပူချိန် အမြင့်ဆုံး ၃၉ ဒီဂရီစင်တီဂရိတ် ထိမြင့်ပြီး မန္တလေးမြို့နဲ့ အခြားမြို့ကြီးတွေမှာ နေ့အပူချိန် မြင့်တက်ဖွယ် ရှိကြောင်း၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ အန္တရာယ် ပိုလွန်တဲ့အဆင့် (၁၁)ထက် ကျော်လွန်ရောက်ရှိ နိုင်ကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးက ဆိုတယ်။ နေ့အပူချိန် တစ်နေ့ထက် တစ်နေ့ များလာတယ်။ အပူဒဏ် သိသာစွာ ခံစားလာကြရ ပါတယ်။

နွေရာသီမှာ ဖြစ်နိုင်တဲ့ရောဂါ တွေက ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ၊ အစာအဆိပ်သင့်ခြင်း ရောဂါ၊ အထက်လှန် အောက်လျှော ရောဂါများ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည် သင့်ခြင်း၊ အသားအရေ ညိုမည်းစွဲခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အပူကြောင့် သွေးလန့်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ သေဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။

သောက်သုံးရေ ပြတ်လပ်ခြင်း ရေမသန့်ခြင်းက တစ်ကိုယ်ရေ သန့်ရှင်းမှု ကျဆင်းလာသလို မသန့်တဲ့ရေ သောက်သုံးရလို့ ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက်ရောဂါများ ခံစားကြရပါတယ်။ ဝမ်းလျှောရောဂါမှာ ဗက်တီးရီးယား အီကိုလိုင်း၊ ဘယ်စီလယ်ရီ နှင့် အမီးဘား ဝမ်းကိုက်ရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါရှိသူရဲ့ မစင်ကို ယင်နားပြီး ပျံသန်းကာ အစာမှာနားလို့၊ မသန့်ရှင်းတဲ့ လက်ချောင်းများနဲ့ စားသောက်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှော နှင့် ဝမ်းကိုက် ရောဂါများ ဖြစ်စေနိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အစားအစာရဖို့ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးတွေ လတ်ဆတ်ဖို့ လိုသလို၊ ဝယ်ယူလာတဲ့ ပစ္စည်းတွေကို ဆားရည်မှာ ၁၅ မိနစ်ခန့်စိမ် ရေစင်စင်ဆေးပြီးမှ ဓာတုမြေသြဇာ၊ ဓာတုပိုးသတ်ဆေး ဒဏ်မှ ကာကွယ်နိုင်မှာ ဖြစ်တယ်။

အသုံးအဆောင် ပစ္စည်းများ လှီးဖြတ် စားသောက်ရမယ့် ဇွန်းခက်ရင်း စသည်တို့ သန့်ရှင်းစင်ကြယ်ပြီး အစားအသောက်များ ချက်ပြုတ် ကိုင်တွယ်မယ့် ဝန်ထမ်းများ၊ အိမ်အကူ၊ အလုပ်သမားများ သန့်ရှင်းစင်ကြယ် ရမယ်။ အစားအစာ မချက်ပြုတ်မီ ထည့်ထားမယ့် ရေခဲသေတ္တာ၊ ချက်ပြုတ်ပြီး ထည့်ထားမယ့် ရေခဲသေတ္တာ ခွဲခြားထားရမယ်။ ပိုမိုကောင်းမွန်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အနေနဲ့ အစာမစားမီ၊ အစာမပြင်မီ မကိုင်တွယ်ခင် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ ကျော်ကျော် ဆေးကြောဖို့ လိုပါတယ်။

သောက်သုံးရေမှာ ရေသန့် သောက်နိုင်တယ်။ ရေသန့်မရရင် ရေကိုကျိုချက် အအေးခံပြီး သောက်နိုင်တယ်။ စထရပ်ကို ကော့ကပ်ရောဂါပိုး ဟာ လေနဲ့အတူ နှာချေခြင်း၊ ချောင်းဆိုးခြင်းကနေ အစာထဲ ကူးစက်သွားကာ စားသုံးသူထံ ကူးစက်နိုင်တယ်။ အစာထုတ်လုပ်တဲ့ အလုပ်သမား၊ အိမ်ဖော်တွေ ကူးစက်ရောဂါ ကင်းရှင်းဖို့ လိုအပ်သလို၊ ကျန်းမာရေး ကင်းစင်ကြောင်း တစ်လအတွင်း စစ်ဆေးထားရှိမှု ရှိရပါမယ်။ ရှောင်တခင် စစ်ရာမှာ သလိပ်၊ လက်ကြားအရည်များ စစ်ဆေး သွားသင့်တယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂ဝ ကြာ ဆေးကြောခြင်း မပြုရင် ဝမ်းပျက်ဝမ်းလျှော စေတဲ့ရောဂါပိုး အမျိုးမျိုး အလွယ်တကူ ဝင်ရောက်နိုင်မှာပဲ ဖြစ်တယ်။ ဝမ်းရောဂါရရင် စားဆေး နိုဘက်တို၊ မက်ထရိုနဲ့ ဒီကိုတေးကို တစ်နေ့သုံးကြိမ်နှင့် လေးရက်ဆက်သောက် ဖို့နဲ့ ဓာတ်ဆားရည် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ စနစ်တကျ ပြသဖို့လိုတယ်။

အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်းမှ ကာကွယ်ဖို့ နေအလွန်ပြင်းတဲ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ အလုပ်မှအနားယူ စေခြင်း အစောပိုင်းအချိန် သို့မဟုတ် ညနေ ၅ နာရီအချိန်ပိုင်း လုပ်ဆောင်ခြင်းမျိုး ပြောင်းသင့်တယ်။ မလွှဲသာလို့ နေပူထဲလုပ်ရရင် လုံလောက်တဲ့ အဆောင်းအကာများ၊ နေရောင်ခံ ခရင်မ်လိမ်းပေး သင့်တယ်။ နှစ်နာရီကြာတိုင်း တစ်ကြိမ် လိမ်းပေးသင့်တယ်။ သို့မဟုတ် သနပ်ခါး လိမ်းပေးနိုင် ပါတယ်။

နေပူမှပြန်လာပြီး ရေနွေး သို့မဟုတ် ဓာတ်ဆားရည် သောက်ဖို့ လိုမယ့်အပြင် ခရမ်းလွန် ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်တဲ့ မျက်မှန်တပ်ဆင် ပေးဖို့လိုပါတယ်။ နေရောင်မှာ ကြာကြာမလုပ် စေဘဲ အလှည့်နဲ့ လုပ်စေခြင်း၊ အလွန်ပူပြင်းတဲ့ နေရောင်မှာ အလုပ်လုပ်စေခြင်း ရှောင်သင့်တယ်။ အပူကြောင့် ရေဓာတ် ဆုံးရှုံးခြင်းမှ သွေးလန့်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဟာ ညဘက်မှာ သုညဖြစ်ပြီး အလွန်ပူပြင်းတဲ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအမှတ် ၁၂ ထိရှိနိုင်တယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ညိုမည်းစွဲခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အင်ပျဉ်ထွက်ခြင်း၊ အရေပြား ကင်ဆာနဲ့ မျက်စိမှာ သက်ကြီးရေတိမ် ဖြစ်နိုင်ပါတယ်။ နေပူဒဏ်နဲ့ ခရမ်းလွန် ရောင်ခြည် ကာကွယ်တတ်ဖို့ လိုတယ်။ ရေဆာရင် ရေပဲ သောက်သင့်တယ်။ အရက်၊ ဘီယာ ရှောင်သင့်တယ်။ အရက်ဘီယာဟာ ခန္ဓာကိုယ်ထဲရှိသွေးကို ညစ်နွမ်းစေလို့ ရေများများ သောက်ဖို့လိုလာမှာပဲ ဖြစ်တယ်။ အချိုရည်ဘူးတွေ မသောက်သင့်ပါဘူး။

ယခုနှစ်မှာ ကြက်ငှက်တုပ်ကွေး H7N9 တရုတ်နိုင်ငံမှာ ဖြစ်ပွားနေလို့ မြန်မာနိုင်ငံကို ကူးစက်ရောက်ရှိ နိုင်တယ်။ တရုတ်မှ အေးခဲကြက်သား၊ ကြက်ဥအပြင် ကြက်၊ ငှက် အရှင်သွင်းတာ ကန့်သတ်သလို ဟိမဝန္တာ
ဆောင်းခိုငှက် တွေကြောင့် ကြက်ငှက်တုပ်ကွေး ဖြစ်နိုင်သဖြင့် ဇီဝလုံခြုံမှု ရရှိစေဖို့ ကြက်၊ ငှက်များ အနည်းဆုံး အိမ်နဲ့ သုံးမိုင်ခန့်အကွာမှာ မွေးမြူဖို့လိုမယ့် အပြင် ဇီဝလုံခြုံမှု ဂရုစိုက်ဖို့ လိုအပ်လှပါတယ်။

ဒီနှစ်နွေမှာ ပိုမိုပူပြင်းရာ ရေအရင်းအမြစ်များ ခန်းခြောက်လာတယ်။ ယင်းကို အခွင့်ကောင်းယူပြီး ခြင်ကျားပေါက်ပွားမှု ပိုလာစရာရှိရာ ဇီကာဗိုင်းရပ်စ် ဘရာဇီးမှာ ကပ်ရောဂါအသွင် ဖြစ်ခဲ့သလို ခြင်ကျားရဲ့ မူလရင်းမြစ် အာရှနဲ့ အာဖရိကဒေသမှာ ဖြစ်နိုင်ခြေရှိ နေတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံပျံ့နှံ့ခဲ့ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားသူ ကိုယ်ဝန်သည် တစ်ယောက် ငွေဆောင်ကမ်းခြေ သွားရောက်ခဲ့ပြီး ဇီကာကူးစက်ခံ ရကြောင်း သိရှိခဲ့လို့ ငွေဆောင်ကမ်းခြေ တည်းခိုရာဟိုတယ် နဲ့ တစ်မိုင်ပတ်လည် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ရှိခဲ့တယ်။ ဇီကာရောဂါဖြစ်ရင်၊ တုပ်ကွေးရောဂါလို ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်ပြီး အလိုလို ပျောက်ကင်း သွားတယ်။ ကိုယ်ဝန်သည် မိခင်မှာဖြစ်ရင် ဦးနှောက်သေ ဉာဏ်ရည် မပြည့်ဝတဲ့ ကလေးများ မွေးဖွားလာလို့ ကိုယ်ဝန်မယူကြဖို့ လက်တင် အမေရိကနဲ့ စင်ကာပူတို့မှာ နှိုးဆော်ထားတယ်။ ခြင်ကျားမှ သွေးလွန်တုပ်ကွေးလည်း ဖြစ်နိုင်လို့ ခြင်ကျားနှိမ်နင်းရေး ဆောင်ရွက်ဖို့ လိုပါတယ်။

ရေများကို အဖုံးဖြင့် ဖုံးအုပ်ခြင်း၊ သွန်ပစ်ခြင်း၊ လဲလှယ်ပေးခြင်း၊ ရေစစ်နဲ့စစ်ခြင်း၊ ခြင်စားငါးမွေးခြင်း၊ ခြင်မပေါက်ပွားအောင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ကိုက်မခံရအောင် မယ်လာသီယွန်၊ ပါရာသီယွန် ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ခြင်ဆေးစိမ် ခြင်ထောင်နဲ့ နေ့၊ ညအိပ်ခြင်း၊ ကလေးငယ်များ ခြင်ထောင်နဲ့ နေ့၊ ညသိပ်ခြင်းများ ပြုလုပ်သင့်ပါတယ်။

ဇီကာနှင့် သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးပါ။ ဇီကာဗိုင်းရပ်စ် လူနာရဲ့ ချွေး၊ သလိပ်တို့မှာ ပါဝင်ပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သလို မိခင်မှ ကလေးကို ကူးစက်နိုင်ကြောင်း၊ အမေရိကန် ပြည်ထောင်စု စီဒီစီရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင် ကာကွယ်ရေးဗဟိုက ဆိုတယ်။ မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရ ကိုယ်ဝန်သည် (နိုင်ငံခြားသူ) တစ်ဦး ရှိခဲ့ပြီး ဇီကာဗိုင်းရပ်စ် ခွဲခြားနိုင်တဲ့ နောက်ဆုံးပေါ် စက်အသစ်များနဲ့ စမ်းသပ်ပေးနိုင်ပြီပဲ ဖြစ်တယ်။

နွေရာသီမှာ ရေအရင်းအမြစ် ရှားပါးလို့ ရေများချွေတာပြီး သီးနှံစိုက်ပျိုးရတဲ့ အခါ ရာသီဥတုကြောင့် သီးနှံအထွက်နှုန်း လျော့နည်းကာ စားနပ်ရိက္ခာ ဈေးကြီးမြင့်မှု၊ ပြတ်လပ်မှုများ ကြုံရနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက မြန်မာပြည် မြောက်ပိုင်း ရေခဲတောင်မှ ရေခဲများ အရည်ပျော်လို့ မြစ်ရေကြီးမှု ရုတ်တရက် ဖြစ်လာနိုင်လို့ ဧရာဝတီမြစ် အထက်ပိုင်းတွေ၊ အောက်ပိုင်းတွေ မှာပါ မြစ်ရေတိုးမှု ဖြစ်လာနိုင်ကြောင်း သတိပေး ထားတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ဆယ်စုနှစ်အတွင်း ပြောင်းလဲသွားခြင်းသည် သစ်တောများ ပြုန်းတီးခြင်းနဲ့ ဂေဟစနစ် ပြောင်းလဲခြင်းတို့ ဖြစ်နေလို့ သစ်တောများ ပြုစုပျိုးထောင်ရေး အရေးကြီး လာတယ်။

မြစ်ချောင်းများ အတွင်းရှိရေများ စံချိန်တင် ကျဆင်းမှုမှ ကာကွယ်ဖို့ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ကာ ရေသိုလှောင် ထားခြင်းဖြင့် ရေရှားပါးမှု ပြဿနာ၊ ဂေဟစနစ် ပြောင်းလဲခြင်း၊ စိုက်ပျိုးမြေ ရေလုံလောက်ခြင်း၊ ရေအားလျှပ်စစ် စသည်ဖြင့် အားသာချက်များ ရှိနေတာကြောင့် အလယ်ပိုင်း မိုးနည်းဒေသမှာ ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်း၊ မြစ်ရေတင် စီမံကိန်းများ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။ မြေအောက်ရေ သုံးစွဲမှု များပြားလာရင် ရေပြတ်လပ်မှုများ ပိုမိုဆိုးရွားလာနိုင်လို့ ဆည်မြောင်းများ တည်ဆောက်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း ကသာ အပူချိန် ပြင်းထန်ခြင်း၊ ရေရှားပါးခြင်းတို့မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...