Social Icons

Pages

Wednesday, March 29, 2017

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ရခိုင်ပြည်နယ်မောင်တော ဒေသသို့ လွတ်လပ်စွာသတင်းရယူရန် စစ်တွေမြို့သို့ရောက်ရှိ


ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စစ်တွေမြို့သို့ရောက်ရှိ

စစ်တွေ ၊ ၂၉-၃-၂၀၁၇

ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များသည် ရခိုင်ပြည်နယ် မောင်တောဒေသသို့ မြေပြင် ကွင်းဆင်း၍ လွတ်လပ်စွာ သတင်းရယူနိုင်ရန် အတွက် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ ယမန်နေ့ညနေ ၄ နာရီ ၅၅ မိနစ်တွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

အဆိုပါပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အား ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင် ကဦးဆောင်၍ မတ်လ၂၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရွှေပြည်တန် အမြန်ယာဉ်ဖြင့် ထွက်ခွာလာခြင်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် တို့သို့ သွားရောက် သတင်းရယူကြမည် ဖြစ်သည်။

မောင်တောဒေသတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံး အခြေအနေများကို သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဦးဆောင်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ရန် လာရောက်ရ ခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ် တွင်လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၁၃ ဦးဖြင့် မြေပြင် ကွင်းဆင်းပြီး သတင်းရယူခဲ့ ပါကြောင်း၊ ယခင် အခြေအနေနှင့် နှိုင်းယှဉ်လျှင် များစွာပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ ယခု နောက်ဆုံးအခြေ အနေ သတင်းမှန်ကို ပြည်သူများနှင့် နိုင်ငံတကာသို့ တင်ပြနိုင်ရန် ပြည်တွင်း၊ ပြည်ပ မီဒီယာများကိုစုဖွဲ့ပြီး လာရောက်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်က ပြောသည်။

ထို့နောက် နိုင်ငံခြား သတင်းထောက်များ အသင်း ဒုတိယဥက္ကဋ္ဌ ကိုဂျင်မီက ပြည်ပ မီဒီယာအနေဖြင့် ပထမအကြိမ် မြေပြင်ကွင်းဆင်း သတင်းရယူခဲ့ဖူး ပါကြောင်း၊ ယခုအကြိမ်တွင်လည်း ပါဝင်ပါကြောင်း၊ ပထမ အကြိမ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ခဲ့ ပါကြောင်း၊ သွားလာရေး၊ လုံခြုံရေးအရ သတိထား ရပါကြောင်း၊ ပြည်ပ နိုင်ငံခြားသား သတင်းထောက် များကို ကိုယ်တိုင် သတင်းရယူလျှင် ပိုပြီးထိရောက်မှု ရှိနိုင်မည်ဟု ထင်မြင် ပါကြောင်း၊ ပထမတစ်ကြိမ် လာရောက်စဉ်က မျက်မြင်တွေ့ရှိ ခဲ့ပါကြောင်း၊ မီးလောင်သည့် နေရာများနှင့် အကြမ်းဖက် တိုက်ခိုက်ခံ ရသည့် နေရာတွင် အလုံးစုံရှင်းပြ ခဲ့ပါကြောင်း ပြောသည်။

Nipon TV သတင်းဌာနမှ ဌာနေသတင်းထောက် ဒေါ်ဆင့်ဆင့်အောင် က ပထမခရီးစဉ်တွင် ကျွန်မတို့မပါဝင် ခဲ့ပါကြောင်း၊ ဒုတိယ ခရီးစဉ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက အကြောင်းကြား ခေါ်ယူလာသည့် အတွက်ကျေးဇူးတင် ပါကြောင်း၊ လွတ်လပ်စွာ သွားလာ၍ ရသည့်အတွက် ပထမအကြိမ် သွားရောက်ခဲ့သော နေရာများကို သွားရောက်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အောက်တိုဘာ ၉ ရက် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘယ်လောက်ထိ အေးချမ်းမှု ရှိနေပြီလဲ၊ သူတို့စိတ်ထဲတွင် ဘယ်လောက်ထိ ခံစားမှုမျိုးရှိနေလဲ ဆိုသည်ကို သိလိုကြောင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ လက်တွေ့ လာရောက်ပြီး မြေပြင်တွင် သတင်းရယူခြင်းဖြင့် အဖြစ်မှန်ကို နိုင်ငံတကာ မှသိရှိသွားနိုင်မည် ဖြစ်ကြောင်း ကျွန်မတို့ သတင်းဌာန အနေဖြင့် အခုလို လွတ်လပ်စွာ သတင်းရယူခြင်းတွင် ပါဝင်ရသည့် အတွက် ဝမ်းသာကျေနပ် မိပါကြောင်း ပြောသည်။

ဦးရဲနိုင် ဦးဆောင်သော ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ဝင် ၂ဝ ခန့်သည် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်ထိ မောင်တောဒေသသို့ သွားရောက်ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ရန် ထပ်မံကြံစည်မှုနှင့် ပတ်သက်၍ ဖော်ထုတ် တားဆီးခဲ့မှု၊ ဖြစ်စဉ်ဖြစ်ပွားခဲ့ မှုကြောင့် နေရပ်မှထွက်ခွာ တိမ်းရှောင်သွားသူ များ ပြန်လည်ဝင်ရောက် လာမှု၊ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်မှု၊ ငါးဖမ်းလုပ်ငန်း၊ နယ်စပ်လူဝင်မှု နှင့် တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ပို့ဆောင် ရောင်းချမှု စသည့်မြေပြင် အခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...