Pages

Friday, March 3, 2017

ဆေးကျောင်းမှာ တိရစ္ဆာန်များ သေဆုံးခြင်း




(ဒေါက်တာ လွှမ်းမိုးဟန်)

ကျွန်တော်တို့ငယ်ငယ် ဆေးကျောင်း တက်စဉ်က ဇီဝကမ္မ လက်တွေ့ သင်ခန်းစာများမှာ ဖားနှင့် ဝက်ကလေး များကို ခွဲစိတ်ပြီး သွေးကြောလေး တွေကို ရှာခဲ့ရဖူးသည်။ သွေးကြောလေး တွေကို တွေ့ပြီဆိုလျှင် အပ်ချည်ကြိုးလေး နှင့်ချည်ပြီး အဘယ်သွေးကြော ဖြစ်ကြောင်း စာတန်းထိုး ပေးရသည်။ ထိုလေ့ကျင့်ခန်း များက ကွယ်လွန်ပြီး လူ့ကိုယ် ခန္ဓာအစစ် (Cadaver) ကိုလက်တွေ့ခွဲစိတ် ရသည့် ခန္ဓာဗေဒ သင်ခန်းစာများမှာ အလွန် အထောက်အကူ ပြုပါသည်။ မကြာခင် မှာတော့ ထိုကဲ့သို့ တိရစ္ဆာန် များနှင့် လက်တွေ့ခွဲစိတ်ရသည့် သင်ခန်းစာများက ပျောက်ကွယ် သွားပါတော့မည်။

၂ဝ၁၆ မေလမှာ ခွဲစိတ်ကုသ လေ့ကျင့်မှုများ အတွက် ဝက်ကလေးများ အသုံးပြု နေခြင်းကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်မှ ကြေညာခဲ့ ပါသည်။ သမိုင်းကို ပြန်ကြည့်လိုက်မည် ဆိုလျှင် ၁၈၉၅ ခုနှစ်မှာ ဝီလီယံဟောစတတ် အမည်ရ နာမည်ကျော် ခွဲစိတ် ဆရာဝန်ကြီးက ဝက်ကလေးများနှင့် ခွဲစိတ်ကုသမှု လေ့ကျင့်ခြင်းကို အစပျိုးခဲ့သည်။ သက်ရှိ တိရစ္ဆာန်လေး  များကို ဆေးပညာ သင်ကြားရေး အထောက်အကူ ပစ္စည်း များအဖြစ် အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်းထောင် နှင့်ချီ၍ ကြာမြင့်ခဲ့ပါပြီ။ ဒီကနေ့မှာတော့ အမေရိကန် ဆေးတက္ကသိုလ် များအားလုံး၏ ဘွဲ့ကြို သင်ရိုးညွှန်းတမ်း များမှာ တိရစ္ဆာန်များ အသုံးပြု လေ့ကျင့်ခြင်းကို ပယ်ဖျက်လိုက် ကြပါပြီ။

၂ဝ ရာစုအလယ်ပိုင်းက အမေရိကန် ဆေးတက္ကသိုလ် များအားလုံး လိုလိုမှာ သက်ရှိတိရစ္ဆာန်များ အသုံးပြု၍ ဆေးပညာ လက်တွေ့ သင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် အမေရိကန် ဆရာဝန်များ၏ ၉၀ ရာခိုင်နှုန်းက တိရစ္ဆာန်များ အသုံးပြုခြင်းသည် ဆေးပညာ သင်ကြားရေး အတွက် မရှိမဖြစ် လိုအပ်ကြောင်း သဘောတူခဲ့ ကြသည်။ ၂ဝဝ၈ ခုနှစ်မှာလည်း အမေရိကန် ဆေးတက္ကသိုလ်များ အစည်းအရုံးက ဆေးပညာ သင်ကြားရေးမှာ တိရစ္ဆာန်များ အသုံးပြု သင်ကြားခြင်းကို ထောက်ခံကြောင်း သုတေသန စစ်တမ်း အရ သိကြရသည်။ သို့ပေမယ့် ၁၉၈၇ ခုနှစ်အတွင်း အမေရိကန် ဆေးကျောင်းများ၏ ၉ဝ ရာခိုင်နှုန်း ကျော်မှာ တိရစ္ဆာန်များ အသုံးပြုသင်ကြား ခဲ့ကြရာမှ ၂ဝဝ၁ ခုနှစ် ရောက်လာသည့် အခါ ဆေးကျောင်းများ၏ ၃၂ ရာခိုင်နှုန်း မှာသာလျှင် တိရစ္ဆာန်များကို အသုံးပြု နေကြကြောင်း တွေ့ကြရသည်။

အမှန်တော့ တိရစ္ဆာန်များကို သုတေသန လုပ်ငန်းများ၌ အသုံးပြုခြင်း လုပ်ငန်းစဉ်ကို ၁၈၈၃ ခုနှစ်ဝန်းကျင် ကပင် တိရစ္ဆာန်များအား သုတေသန အလို့ငှာ အသုံးပြုခြင်းမှ ကာကွယ်ရေးအဖွဲ့ (Antivivisectionist) လှုပ်ရှားမှုများ စတင်ပေါ်ပေါက် လာခဲ့ပြီး ဖြစ်ပါသည်။ ၂ဝ ရာစု အစောပိုင်းမှာ ထိုလှုပ်ရှားမှုတွေ အင်အား နည်းသွားသည် ဆိုပေမယ့် တစ်ဦး တစ်ယောက်ချင်း အလိုက် ကန့်ကွက် လှုပ်ရှားမှု လေးတွေတော့ ရှိနေပါသေးသည်။

ထိုသို့သော လှုပ်ရှားမှုများကြောင့် ဆေးသုတေသနနှင့် ဆေးပညာ သင်ကြားရေး လုပ်ငန်းစဉ်များမှာ အသုံးပြုမည့် တိရစ္ဆာန်များ၏ အရေးကိစ္စကို အမေရိကန်ပြည်သူ့ ကျန်းမာရေး ဌာနနှင့် စိုက်ပျိုးရေး ဌာနတို့မှ ပူးတွဲတာဝန် ယူ ဆောင်ရွက် လာကြရပါသည်။ ယနေ့အချိန်မှာ တိရစ္ဆာ န်များကို ဆေးသုတေသန လုပ်ငန်းမှာ အသုံးပြု တော့မည်ဆိုလျှင် သက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဖွဲ့စည်းထားသည့် တိရစ္ဆာန် စောင့်ရှောက်ရေး ကော်မတီကို တင်ပြဖို့ လိုလာသည်။ R သုံးလုံး စီမံချက် ဆွဲရသည်။ ပထမ R တစ်လုံးက Reduction ၊ သုတေသနမှာ အသုံးပြုမည့် တိရစ္ဆာ န် ကောင်ရေကို အတတ်နိုင်ဆုံး လျှော့ရမည်။ ဒုတိယ R က Refinement ၊ စမ်းသပ်ခံရမည့် တိရစ္ဆာန် များ၏ ခံစားရ လတ္တံသော ဝေဒနာ၊ နာကျင်မှုကို အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေး ရမည်။ တတိယ R ကတော့ Replacement ၊ တိရစ္ဆာ န်များ အသုံးပြုမည့် အစား ဖြစ်နိုင်ခြေရှိ သမျှသော အခြားသော နည်းလမ်းများ ဖြင့် အစားထိုးနိုင်ရေး အတတ်နိုင်ဆုံး ကြိုးစားရမည် ဟူသော R သုံးလုံး စီမံချက်ဖြစ်သည်။

တာဝန်သိတတ်မှု ဆေးပညာ ကော်မတီ ynmaumfrwD(Committee for Responsible Medicine) ဆိုသည့် တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့ကြီးမှာ ဆရာဝန် ၈ ရာခိုင်နှုန်းပါသည်။ တစ်နှစ်ပျမ်းမျှ ရန်ပုံငွေက အမေရိကန် ဒေါ်လာ ၁ဝ သန်းခန့် ရှိသည်။ ယခုအခါ ထိုအဖွဲ့ကြီးက ကြီးမှူးလျက် ဆေးကျောင်းများမှာ တိရစ္ဆာန် အသုံးပြုသင်ကြားခြင်း ကို လုံးဝ ရပ်ဆိုင်းဖို့ ဆောင်ရွက်လျက် ရှိသည်။

ထိုအဖွဲ့ကြီးတွေ အဓိကဆန္ဒပြ ကြသည့် နေရာက ခွဲစိတ်ကုသမှုများကို လေ့ကျင့်ပေးသည့် သင်ခန်းစာများ ဖြစ်သည်။ ဝက်ကလေးများကို အရှင်ခွဲစိတ် တာမျိုးလည်း ရှိသည်။ ဝက်အင်္ဂါ အစိတ်အပိုင်းများ အသုံးပြု လေ့ကျင့် တာမျိုးလည်း ရှိသည်။ သက်ရှိတိရစ္ဆာန် များကိုအသုံးပြု ခွဲစိတ်ရခြင်း၏ ရည်ရွယ်ချက်ထဲမှာ ဆေးကျောင်းသား တွေကို သက်ရှိသတ္တဝါ တစ်မျိုးမျိုးနှင့် ခွဲစိတ်နေရခြင်း ဟူသည့် တာဝန်ယူတတ်မှု၊ တာဝန်သိတတ်မှု၊ စိတ်ခံစားမှု မျိုးကို ရစေချင်တာလည်း ပါသည်။ ခွဲစိတ်မှု လုပ်ငန်းစဉ် အတွင်း ကြုံတွေ့ ရနိုင်သည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်း တတ်စေဖို့ ရည်ရွယ်ချက် တစ်ခုလည်းပါသည်။ သင်ရိုးညွှန်းတမ်း တစ်ခုမှာဆိုလျှင် ဆေးကျောင်းသား တွေကို အုပ်စုလေးတွေ ခွဲပေးပြီး ဝက်ကလေး တွေကို မေ့ဆေးပေး၊ အသက်ရှူပိုက် ထည့်ပြီး လေ့ကျင့်ရတာမျိုး တွေလည်း ပါသည်။ တကယ့်လူတွေကို ခွဲစိတ်သည့် အတိုင်း ဝက်ကလေး တွေကို ပိုးသတ်ဆေးဖြင့် ဆေးကြောရသည်။ 

မခွဲခင် ပြင်ဆင်မှုတွေ လုပ်ပြီး လေ့ကျင့်ရသည်။ ခွဲစိတ်မှု အကြီးကြီးတွေကို ဆရာများ၏ ကြီးကြပ်မှုဖြင့် ဝက်အရှင်လေး များဖြင့် လေ့ကျင့်ကြ ရသည်။ ထိုလေ့ကျင့်မှုများမှ အကျိုးကျေးဇူး အများကြီး ရတာတော့ သေချာပါသည်။ ဆေးကျောင်းသားများ အနေဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက် တတ်သွားသည်။ ပြဿနာကို ဖြေရှင်းတတ် သွားသည်။ ဖိအားများသည့် ခွဲစိတ်ခန်း ပတ်ဝန်းကျင်မှာ နေတတ် သွားသည်။ ခွဲစိတ်နေရင်း သွေးကြောတွေ ပေါက်သွားသည့် အခါ သွေးတိတ်အောင် လုပ်တတ် သွားသည်။ ခွဲစိတ်မှု အောင်မြင် တာလည်းရှိ၊ မအောင်မြင် တာလည်း ရှိသည်။ ခွဲစိတ်မှုတွေ ပြီးသည့်အခါ ဆရာတွေက ကျောင်းသားတွေ အားလုံးကို အားနည်းချက်၊ အားသာချက်တွေ ပြန်လည် ရှင်းပြပြီး သင်ခန်းစာ ပို့ချမှုတွေ လုပ်ကြသည်။

၂ဝ၁၁၊ ၂ဝ၁၃နှင့် ၂ဝ၁၅ ခုနှစ်တို့မှာ ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ဆေးကျောင်းသား များ၏ ၉ဝ ရာခိုင်နှုန်း မှာ တိရစ္ဆာန်များဖြင့် လက်တွေ့ သင်ကြားခြင်းကို တန်ဖိုးရှိသည့် သင်ခန်းစာအဖြစ် ထောက်ခံခဲ့ ကြသည်။ ၈၈ ရာခိုင်နှုန်းက ထိုသင်ခန်းစာ များသည် အခြားနေရာမှာ မရရှိနိုင်သည့် သင်ခန်းစာများ ဖြစ်ကြောင်း ထောက်ခံကြသည်။ ဘွဲ့ရခါစ ဆရာဝန်ပေါက်စ အများစုကတော့ ထိုလက်တွေ့ သင်ခန်းစာများမှာ နောင်တစ်ချိန် သူတို့ ရွေးချယ်မည့် အထူးကု ဘာသာရပ်အပေါ် များစွာလွှမ်းမိုးမှုပင် ရှိကြောင်း ထောက်ခံထားကြ ပါသည်။

တိရစ္ဆာန်အစစ်များကို အသုံးမပြုရသည့် အခါ ပုံစံတူအတုများ Simulation ဖြင့် သင်ကြားဖို့ ကြိုးစားလာ ကြသည်။ အမှန်တော့ ထို Simulation နည်းလမ်းများကို ဆေးပညာ သင်ကြားရေးမှာ အသုံးပြုလာခဲ့ ကြတာလွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ခန့် ကတည်းကပါ။ ၁၉၆ဝ ပြည့်လွန်နှစ် များမှာ ဇီဝကမ္မ ဘာသာရပ်သင်ကြားရေး နည်းစနစ် များ၌ Simulation နည်းလမ်းများကို စတင်အသုံးပြု ခဲ့ကြသည်။ ၁၉၇ဝ ပြည့်လွန်နှစ်များ ရောက်တော့ မေ့ဆေး ပညာရပ်နှင့် အရေးပေါ် ကုသပညာရပ် များမှာပါ သုံးစွဲ လာခဲ့ကြသည်။ ထိုနည်းလမ်းတွေ အဆင့်မြင့်လာသည့် အခါ တိရစ္ဆာ န်များကို အစားထိုး လာနိုင်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ပါးစပ်မှတစ်ဆင့် လေရှူပိုက် ထည့်သည့် သင်ခန်းစာကို အရုပ်ဖြင့် လေ့ကျင့်လို့ ရလာသည်။ နှလုံးနှိုးဆွ အသက်ကယ်ခြင်းကို Simulation နည်းပညာဖြင့် လက်တွေ့လေ့ကျင့် လာနိုင်တာမျိုးတွေ ရှိလာသည်။

တိရစ္ဆာန်အခြေပြု သင်ကြားရေးစနစ်နှင့် Simulation အခြေပြုသင်ကြားရေး စနစ်တို့ကို နှိုင်းယှဉ်ပြီး သုတေသနပြုထားတာတွေလည်း ရှိသည်။ ထိုတွေ့ရှိချက် များအရတော့ ထိုသင်ကြားရေး စနစ်နှစ်ခု၏ ရလဒ်မှာ ကွာဟချက် သိပ်မရှိဟု ဆိုပါသည်။ သို့သော် သက်ရှိတို့၏ ခန္ဓာဗေဒ ဖွဲ့စည်းပုံမှာ သဘာဝအတိုင်း ကွဲလွဲချက် ဆိုတာမျိုးတွေ ရှိတတ်သည်။ သက်ရှိသတ္တဝါ တစ်မျိုးမျိုး၏ ထိတွေ့မှုအာရုံကို Simulation နည်းပညာ အသုံးပြု အစားထိုး တည်ဆောက် ထားသည့် သက်ရှိအတု စက်ကိရိယာ တစ်မျိုးမျိုးဖြင့် အစားထိုးနိုင်ဖို့ ဆိုသည်မှာ မလွယ်ကူပါ။ အရေးကြီးသည့် အချက်က သက်ရှိသတ္တဝါ တစ်ကောင်ကို လေ့ကျင့်ခွဲစိတ် နေရသည့် အချိန်မှာ ကြုံတွေ့နေရမည့် တာဝန်ယူနိုင်မှု ခံစားချက်မျိုးကို အစားထိုး Simulation စက်ကိရိယာ တစ်မျိုးမျိုးဖြင့် ခွဲစိတ်နေရချိန်မှာ မရနိုင်သည့် အချက်ဖြစ်သည်။

နောက်ဆုံးတွင် တိရစ္ဆာန် အရှင်များဖြင့် ခွဲစိတ်မှုများသည် ဆေးပညာ သင်ကြားရေးမှာ မရှိမဖြစ်မလိုအပ် ဟူသော အချက်ဖြင့် ဟော့ပ်ကင်းဆေးရုံ ၏ တိရစ္ဆာန် အရှင် ခွဲစိတ်မှုများကို လုံးဝရပ်ဆိုင်း ခဲ့သည်။ နောက်သိပ် မကြာခင်မှာ တန်နက်ဆီ ဆေးကျောင်း အပါအဝင် သင်ရိုးညွှန်းတမ်း ထဲမှ တိရစ္ဆာန်ဖြင့် ခွဲစိတ် လေ့လာနေ ကြသည့် ဆေးကျောင်းအားလုံး က တိရစ္ဆာန်အရှင် များဖြင့် လေ့လာခွဲစိတ်မှုကို ရပ်ဆိုင်း လိုက်သည်။

ဓလေ့ထုံးစံ အစဉ်အလာ တန်ဖိုးထားတတ် ကြသည့် ဆရာဝန်ကြီး တွေကတော့ တိရစ္ဆာန်ဖြင့် ခွဲစိတ် ကုသခြင်း ကို အမှတ်ရချင် ရနေမှာ ဖြစ်ပေမယ့် တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သားများ အတွက် ကတော့ အောင်ပွဲတစ်ရပ် ဖြစ်ပါသည်။ တကယ်တမ်း ကျတော့ လူ့ခန္ဓာကိုယ် အစစ်ကိုမကိုင်တွယ် မခွဲစိတ်ခင်မှာ ပွဲမဝင်ခင် ၊ အပြင်ကကျင်းပ ဆိုသလို တိရစ္ဆာ န်များဖြင့် စမ်းသပ်ခွဲစိတ် လေ့ကျင့်ခြင်းက သဘာဝကျပါသည်။ နောက်ပိုင်း ဆရာဝန်များ ကတော့ ပထမဆုံးဓားကိုင်ပြီး လက်တွေ့ ကွင်းဆင်းရာ လေ့ကျင့်ရေးကွင်း သည် လူသားလူနာ စစ်စစ်များပင် ဖြစ်ပေတော့မည်။ ကြားခံ လေ့ကျင့်ရေးကွင်း မရှိတော့။ 

ဆရာဝန် တစ်ဦးအတွက် ပထမဆုံးလူနာ ဆိုတာတော့ ရှိကြမှာပါ။ ခွဲစိတ်ဆရာဝန် တစ်ဦး လက်သွေးဖို့ အတွက် ပထမဆုံး အားစမ်းသည့် နေရာသည် လူသားစစ်စစ် တစ်ဦး ဖြစ်ကိုဖြစ်နေ ရတော့မည့် အခြေအနေကို ရောက်လာပါပြီ။ Simulation စက်ကိရိယာ များမှမရ ရနိုင်သည့် သက်ရှိသတ္တဝါ တစ်မျိုးမျိုးနှင့် ထိတွေ့ကိုင်တွယ် ခံစားရှိနိုင်ဖို့ကို အဘယ်သော သတ္တဝါဆီက ရနိုင်မည် ဆိုသည်ကို ဆက်လက် စောင့်ကြည့် လေ့လာကြဖို့ ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...