Social Icons

Pages

Wednesday, March 15, 2017

မြန်မာနိုင်ငံက ထွက်ရှိသည့်ဆန်ကို တရုတ်နိုင်ငံသို့တန်ချိန် တစ်သိန်းတင်ပို့နိုင်ရန် စာချုပ် ချုပ်ဆိုမည်



ရန်ကုန် ၁၅-၃-၂၀၁၇

မြန်မာ နိုင်ငံက ထွက်ရှိသည့် ဆန်ကို တရုတ် နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ နိုင်ရန် ဧပြီလ (သို့မဟုတ်) မေလ အတွင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှင့် သဘောတူ စာချုပ် ချုပ်ဆို သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန် စပါးအသင်း ချုပ်မှ သိရသည်။ 

တရုတ်နိုင်ငံ နှင့်ချုပ်ဆိုမည့် သဘောတူ စာချုပ်တွင် တရုတ် နိုင်ငံက လိုချင်သည့် ဆန်အမျိုးအစား ၊မြန်မာ နိုင်ငံက ဆောင်ရွက်ပေး ရမည့် အရည် အသွေးပိုင်း လိုအပ် ချက်များ၊ ငွေကြေး ပေးချေမှု ဆိုင်ရာ ကိစ္စများကို မူဘောင် အားဖြင့် သဘောတူ ထားကြောင်း သိရသည်။

''ဒါက ညှိနေတုန်းပါပဲ။ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် အတွက် လက်မှတ်ထိုးမှာဖြစ်တာကြောင့် ဧပြီလထဲမှာ လက်မှတ်ထိုးနိုင်အောင် ပြင်ဆင်နေပါတယ်။ တကယ်လို့ ဧပြီလထဲမှာ မထိုးနိုင်ရင် မေလထဲမှာ လက်မှတ်ထိုးမယ်။ အခု ကျွန်တော်တို့မျှော်မှန်းထားတာက တကယ်တင်ပို့မယ့် အချိန်ကာလကလဲ အခုနှစ်ကုန်ပိုင်းလောက်မှာဖြစ် တဲ့အတွက် အချိန်ရှိပါသေးတယ်''ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

မြန်မာ နိုင်ငံ၏ ဆန် အရည် အသွေးပိုင်း နှင့် ပတ်သက်၍ စစ်ဆေး မှုများ ပြုလုပ် နိုင်ရန် တရုတ် နိုင်ငံရှိ ဆန် အရည် အသွေး စစ်ဆေးရေး အဖွဲ့ဖြစ်သည့် AQSIQ ကိုလည်း ဖိတ်ခေါ် ထားကာ AQSIQ ၏ အသိ အမှတ်ပြု လက်မှတ် ရရှိသည့် ဆန်စက်များ၊ ဂိုဒေါင်များ၊ ကုမ္ပဏီများ မှ ဆန်တင် ပို့ခွင့်ရရှိ မည်ဖြစ်သည်။

လက်ရှိ မြန်မာ နိုင်ငံတွင် လာရောက် ဖွင့်လှစ် ထားသည့် တရုတ်နိုင်ငံ ဆန်စစ်ဆေး ရေးအဖွဲ့(CCIC)မှ ဆန်စက်များ၊ သိုလှောင်ရေး အပိုင်းများ နှင့် ကြိတ်ခွဲရေး အပိုင်း များကို ကနဦး စစ်ဆေး မှုများ ပြုလုပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

''တရုတ်နိုင်ငံ မှာဆန် အရည် အသွေး စစ်ဆေးရေး အဖွဲ့ AQSIQ ဆိုတာ ရှိတယ်။ အဲ့ဒီ AQSIQ က ပင်လယ် ရေကြောင်းက  ဆန်တင်ပို့ နေတာ ဆိုရင် ပြီးခဲ့တဲ့ နှစ်က ဆန်တန်ချိန် တစ်သိန်း စာချုပ် ချုပ်တယ်။ အခု နောက်ထပ် တစ်သိန်းချုပ် ဖို့အတွက် MRF ကလုပ် နေတယ်။ အဲဒီဟာ တွေက AQSIQ ရဲ့ System အရ ဆိုရင် သူတို့နိုင်ငံ မှာရှိတဲ့ အရည်အသွေး နဲ့ပတ်သက်တဲ့ ကန့်သတ် ချက်တွေ မီမမီဆိုတာ ဘယ်မှာ လိုက်ကြည့် လဲဆိုတော့ စက်ရုံတွေ၊ ဂိုဒေါင် တွေကို လိုက်စစ် ဆေးတယ်''ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့် က ပြောပြသည်။

မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဆန်များကို နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် တရုတ် နိုင်ငံသို့ အဓိက တင်ပို့ နေပြီး ယခင်က နယ်စပ် ကုန်သွယ် ရေးလမ်း ကြောင်းမှ ၈ဝ ရာခိုင်နှုန်း၊ ပင်လယ်ရေ  ကြောင်းမှ ၂ဝ ရာခိုင် နှုန်း ကုန်သွယ်မှု ပြုလုပ် နိုင်ပြီး လက်ရှိ အချိန်၌ ပင်လယ် ရေကြောင်း မှ ၄ဝ ရာခိုင်နှုန်း၊ နယ်စပ် ကုန်သွယ် ရေးလမ်း ကြောင်းမှ ၆ဝ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ် ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆန်များကို ဝယ်ယူရန် ပြည်ပ နိုင်ငံ အချို့ နှင့်အစိုးရ အချင်းချင်း နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ဆို နိုင်ရန် ကိုလည်း ဆွေးနွေး မှုများ ပြုလုပ် နေပြီး ကင်ညာ နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ သိရီလင်္ကာ နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ဆန်များ တင်ပို့ နေကြောင်း သိရသည်။

မြန်မာ နိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၁ ဒသမ ၈သန်း တင်ပို့ ခဲ့ကာ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ် မတ်လ ပထမ ပတ်အထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ထား ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...