Social Icons

Pages

Tuesday, March 7, 2017

စက်ရုံများက ထွက်ရှိသော ရေဆိုးများကို သန့်စင်ပြီးမှ စွန့်ပစ်ရန် ပြဋ္ဌာန်းထားသော်လည်း ကုန်ကျစရိတ်များပြားသည့် အတွက် စွန့်ပစ်မှုများ ရှိနေဆဲဖြစ်



မန္တလေး ၊ ၇-၃-၂၀၁၇

သဘာဝ ပတ်ဝန်းကျင် ကို မထိခိုက် စေရန် စက်ရုံ များက ထွက်ရှိသော ရေဆိုး များကို သန့်စင် ပြီးမှ စွန့်ပစ်ရန် ပြဋ္ဌာန်းထား သော်လည်း ကုန်ကျ စရိတ်များ ပြားသည့် အတွက် အကောင် အထည်ဖော်မှု နှေးကွေး နေကြောင်း၊ သန့်စင်မှု မရှိဘဲ စွန့်ပစ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက မန္တလေး ပြည်ကြီး တံခွန်မြို့နယ် ကျော်ကျော်အောင် ဈေးအနီး ရွှေမြင်းပျံ အရက်ချက် စက်ရုံ၌ ပြုလုပ်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ အစိုးရ အဖွဲ့နှင့် မီဒီယာများ ပါဝင်သည့် ရှင်းလင်း ပွဲတွင် စက်ရုံမှူး ဦးဇော်ဝင်း ၏ ပြောပြချက် အရ သိရသည်။ 

မြန်မာနိုင်ငံ အတွင်းတွင် အရက်ချက် စက်ရုံ အမည်ပေါက် ၇၃ ရုံရှိပြီး ယခုလက်ရှိ ၂၅ ရုံမှ ၃၅ ရုံ အတွင်းသာ လည်ပတ် နေကြကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် အရက်ချက် စက်ရုံ အမည်ပေါက် ခြောက်ရုံ၊ ခုနစ်ရုံ သာရှိ သော်လည်း အမှန်တကယ် လည်ပတ် နေသော စက်ရုံ လေးရုံသာ ရှိကြောင်း သိရသည်။  

၂ဝ၁၂ ခုနှစ် မှစ၍ ရွှေမြင်းပျံ အရက်ချက် စက်ရုံတွင် Waste Water Treatment Plan စက်ရုံကို ငွေကျပ် သိန်းပေါင်း ၁၈ဝဝဝ ကျော် အကုန် အကျခံ တည်ဆောက် ထားရှိကာ ဂါလန် ရှစ်သောင်းခန့် ဆံ့ ရေကန်ကြီး များ အဆင့်ဆင့် တည်ဆောက် ၍ ရေဆိုး သန့်စင် ပြီးမှ သတ်မှတ် ထားသည့် စည်ပင်သာယာ ၁ဝ လက်မ ပိုက်လိုင်း (သို့မဟုတ်) ပန့်များဖြင့် အမှတ်(၆) ရေပိုပစ် မြောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီ မြစ်အတွင်း သတ်မှတ် အချိန် ည ၆ နာရီမှ နံနက် ၅ နာရီ အတွင်း စွန့်ထုတ် လျက်ရှိ ကြောင်း သိရသည်။

 စွန့်ပစ် ရေထု ညစ်ညမ်းမှု ကြောင့် အူရောင် ငန်းဖျား ရောဂါ၊ ဝမ်းရောဂါ ပိုးများ စွဲကပ်ခြင်း၊ သန်ကောင် ရောဂါများ ဖြစ်ပွားခြင်း ၊ နားများ ကိုက်ခဲ လာခြင်း ၊ မျက်လုံးများ နီရဲလာခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ အသည်းရောင် အသားဝါ ရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ အစာအိမ် ရောင်ခြင်း၊ ဝမ်းလျှော ခြင်း၊ ပျို့အန် ခြင်း၊ ဝမ်းကိုက် ခြင်းတို့ ဖြစ်နိုင်ကြောင်း၊ ဒုဋ္ဌဝတီမြစ် အတွင်း တိုက်ရိုက် စွန့်ပစ်မည် ဆိုပါက စက်ရုံ တစ်ရုံမှ ရေဆိုးသည် တစ်နေ့လျှင် ဂါလန် ရှစ်သောင်း ခန့်စွန့်ထုတ် နေပါက မကြာမီ မြစ်ရေညစ် ညမ်းမှု ဖြစ်ပေါ် လာမည် ဖြစ်သော ကြောင့် သောက်ရေ သုံးရေ အသုံးပြု နေသည့် မြစ် အောက်ဘက် ဒေသခံ များရှိ ကျေးရွာ လူထုကို အထက်ပါ ရောဂါများ ဝင်ရောက်နိုင် သဖြင့် ပြည်သူ လူထု၏ ပတ်ဝန်းကျင် နစ်နာမှု၊ ပျက်စီးမှု မဖြစ် စေရန် လုပ်ငန်းရှင်များ အနေဖြင့် မိမိအကျိုး စီးပွား အတွက်သာ  မဟုတ်ဘဲ ပြည်သူ့ အကျိုးစီးပွား ကို ထည့်သွင်း စဉ်းစား၍ Biochemical Oxygen Demand - BOD နှင့် Chemical Oxygen Demand- COD ပါဝင်မှု နည်းပါး စေသော သန့်စင်သည့် ရေကို စွန့်ပစ် ကြရန် ဆွေးနွေး ကြကြောင်း သိရသည်။ 

ထို့ကြောင့် အများ ပြည်သူများ အနံ့ဆိုး ပြဿနာနှင့် သောက်သုံးရေ ပြဿနာ၊ ကျန်းမာရေး ပြဿနာများ မဖြစ်စေရန် သန့်စင်နိုင်သည့် Waste Water Treatment Plan စက်ရုံများကို စက်ရုံတိုင်း တည်ဆောက် ၍ ရေဆိုးကို  သန့်စင် စွန့်ပစ်ရန် လိုကြောင်း နှင့် စက်ရုံ တစ်ရုံ တည်းသာ ၎င်း စနစ်တည်ဆောက် ထားရုံနှင့် မလုံလောက်ဘဲ အရက်ချက် စက်ရုံများ အားလုံးနှင့် သကြား စက်ရုံ၊ သားရေ နယ်စက်ရုံ၊ ဆပ်ပြာ စက်ရုံ၊ ဓာတ်ခဲ စက်ရုံ၊ ချည်ဆေးဆိုး စက်ရုံ၊ စက္ကူစက်ရုံ၊ နို့ချက် စက်ရုံ၊ ချိုချဉ် စက်ရုံ စသည့် စက်ရုံပေါင်း များစွာ၏ ရေဆိုး များကို သန့်စင်နိုင်သည့် ရေဆိုး သန့်စင် စက်ရုံများ တည်ဆောက် ကြရန် လိုအပ်ကြောင်း လှိုင်မဲန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကျော်ကျော်ဦး က ပြောပြသည်။ 

ယခု ကဲ့သို့ ပရံ တော်ချောင်း ၊တောင်သမန် အင်းနှင့် နောက်ဆုံး ရေဆိုးစွန့် ပစ်သည့် ဒုဋ္ဌဝတီ မြစ်ရေများ သန့်စင်မှု မရှိ ဖြစ်နေ ခြင်းမှာ စက်ရုံများမှ ထွက်ရှိသည့် ရေဆိုးများ ကိုသန့်စင် သည့် စက်ရုံ များတည်ဆောက် ရာတွင် ကုန်ကျ စရိတ်များ သဖြင့် မတည်ဆောက် ဘဲရေဆိုး အတိုင်း စွန့်ပစ် နေခြင်း ကြောင့်သာ ဖြစ်ကြောင်း၊ ရေဆိုး သန့်စင် စက်ရုံများ အမြန်အကောင် အထည်ဖော် တည်ဆောက် နိုင်ရေး မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် လုပ်ငန်းရှင်များ လက်တွဲ အကောင် အထည်ဖော် ကြရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...