Social Icons

Pages

Friday, March 10, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး နှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံ ၊ ဖနောင်ပင်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
Peace Palace အတွင်း ခင်းကျင်းပြသထားသည်များကို ကြည့်ရှုလေ့လာစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
Peace Palace အတွင်း လှည့်လည်ကြည့်ရှု လေ့လာစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
Toul Sleng Genocide ပြတိုက်သို့ သွားရောက်လေ့လာစဉ်

နေပြည်တော် ၊ ၁၀-၃-၂၀၁၇

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် Peace Palace သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Peace Palace အတွင်း လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ကမ္ဘောဒီးယား ဘုရင့်နန်းတော်ကို ၁၈၈၆ ခုနှစ် King Norodom အုပ်စိုးစဉ်ကာလက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နန်းတော် အတွင်းတွင် နန်းဆောင်များ၊ နန်းဝတ်နန်းစား အသုံးအဆောင် ပစ္စည်းပြတိုက်တို့ ရှိကာ နန်းတော်ဝင်း၏ တောင်ဘက်ပိုင်းတွင် Silver Pagoda တည်ရှိပြီး ဘုရားဝင်းအတွင်း ၁၆ ရာစုနှစ်က တည်ထားကိုးကွယ် ခဲ့သည့် မြဘုရား ၊ နံရံပန်းချီ ရေးခြယ်ထားသည့် တန်ဆောင်းများ ၊ ရှေးဘုရင် များ၏ ဂူပြာသာဒ်များ၊ ရတနာပုံခေတ်က မြန်မာနိုင်ငံမှ ပင့်ဆောင်ခဲ့သည့် ဗုဒ္ဓရုပ်ပွားတော် ထားရှိသည့် အဆောင်နှင့် ရိုးရာတူရိယာ တီးခတ်ဖျော်ဖြေမှု၊ ရိုးရာပိုးထည် ရက်လုပ်မှု၊ ကမ္ဘောဒီးယား ဘုရင်များ အသုံးပြုခဲ့သည့် ဝေါယာဉ်ပြတိုက် နှင့် သမိုင်းဝင် ဓာတ်ပုံပြခန်း များအား စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထား ခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများစွာ လာရောက် လေ့လာကြသည့် အထင်ကရ နေရာတစ်ခု ဖြစ်သည်။

ဆက်လက်ပြီး မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Toul Sleng Genocide ပြတိုက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ပြတိုက်အတွင်း လှည့်လည် ရှင်းလင်းပြသ ကြသည်။ ယင်းပြတိုက်တွင် ၁၉၇၅ ခုနှစ်ဝန်းကျင် ကမ္ဘောဒီးယား ပြည်တွင်းရေး ရှုပ်ထွေးနေချိန် ကာလ ဖနောင်ပင်မြို့ရှိ Toul Sleng အထက်တန်းကျောင်းကို အကျဉ်းထောင်အဖြစ် ပြောင်းလဲ အသုံးပြု၍ လူများစွာ ကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့မှု ဖြစ်ရပ်မှန်အား သမိုင်း အထောက်အထားများ၊ ဓာတ်ပုံမှတ်တမ်း များဖြင့် ခင်းကျင်းပြသ ထားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ဖနောင်ပင်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့ သွားရောက်ကြည့်ရှုရာ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းကို က လုပ်ငန်းတာဝန် ထမ်းဆောင်မှု ဆိုင်ရာများ ကို ရှင်းလင်းတင်ပြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်မှု ဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး သို့ ရောက်ရှိကြရာ သံအမတ်ကြီးနှင့် ဇနီး၊ သံရုံး မိသားစုများ၊ စစ်သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် သံရုံးဧည့်ခန်းတွင် တွေ့ဆုံအမှာစကား ပြောကြားရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အတွက်များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ သံရုံး၊ စစ်သံရုံးဝန်ထမ်းများ အနေဖြင့်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာ အောင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင် နိုင်ရေး ကြိုးပမ်း လုပ်ဆောင် စေလိုကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုအား ရေလမ်းသာမက ကုန်းတွင်းလမ်းကြောင်း ကပါ စဉ်းစားလုပ်ဆောင် နိုင်ကြောင်း ၊ တိုက်ရိုက်လေကြောင်း ပျံသန်းနိုင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင် ရန်လည်း ဆွဲဆောင်စည်းရုံး ကြရန်လိုကြောင်း ဖြင့်မှာကြားပြီး အကြောင်း အမျိုးမျိုးဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေကြသည့် မိမိတို့နိုင်ငံသား များကို တတ်နိုင်သမျှ ဝိုင်းဝန်းစောင့်ရှောက် ကြရမည် ဖြစ်ကြောင်း နှင့် စစ်သံရုံး၊ သံရုံးမိသားစုများ အားလုံး စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကူညီ လုပ်ကိုင် နေထိုင်ရေးတို့အား တိုက်တွန်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ၊ စစ်သံရုံးမိသားစုများအား 
အမှာစကား ပြောကြားစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ 
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သံအမတ်ကြီးနှင့်ဇနီးအား 
အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်စဉ်

ထို့နောက် အမှတ်တရ လက်ဆောင် ပစ္စည်းများ ၊ စားသောက်ဖွယ်ရာများ၊ တပ်မတော် အထည်ချုပ်စက်ရုံမှ အဝတ်အထည်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် များက လက်ခံရယူကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစုများက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

၎င်းနောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၄နာရီ ၄၅မိနစ်တွင် ဖနောင်ပင်မြို့၊ Pochentong တပ်မတော်လေဆိပ်မှ Siem Reap မြို့သို့ ဆက်လက် ထွက်ခွာကြရာ လေဆိပ်၌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Sreang Sary နှင့် တပ်မတော် အရာရှိကြီးများ ၊ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်စိုး နှင့် တာဝန်ရှိသူများ က ပို့ဆောင်နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅နာရီခွဲတွင် Siem Reap လေ
တပ်စခန်း ဌာနချုပ်သို့ ရောက်ရှိကြရာ ကမ္ဘောဒီးယား ဘုရင့်တပ်မတော် အမှတ်(၄) စစ်ဒေသ မှ ဒုတိယတိုင်းမှူး Major General Sok Saroeum နှင့် တပ်မတော် အရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...