ရန်ကုန် ၊ ၁၇-၂-၂၀၁၇
သီလဝါအထူး စီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ၍ ထုတ်လုပ်လျက် ရှိသော ဆူဇူကီး(မြန်မာ) မော်တာကုမ္ပဏီမှ Carry အမျိုးအစား မော်တော်ယာဉ် များကို လာအိုနိုင်ငံသို့ တင်ပို့ရောင်းချ သွားမည် ဖြစ်ကြောင်း ဆူဇူကီး(မြန်မာ) မော်တာ ကုမ္ပဏီမှ သိရသည်။
သီလဝါအထူး စီးပွားရေးဇုန် တွင် တပ်ဆင် ထုတ်လုပ်နေသော ဆူဇူကီး (မြန်မာ) မော်တာကုမ္ပဏီ သည် Carry အမှတ်တံဆိပ် ကုန်တင်ယာဉ်ငယ် တစ်စီးကို ယမန်နေ့က ပထမဆုံးအဖြစ် လာအိုနိုင်ငံသို့ ရေကြောင်း ခရီးဖြင့် တင်ပို့ရောင်းချနေပြီ ဖြစ်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၌ ထုတ်လုပ် တပ်ဆင်သော ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် များကို လာအိုနိုင်ငံမှ မှာယူမှုအပေါ် ပို့ကုန်အဖြစ် တွင်ကျယ်စွာ ထုတ်လုပ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံထုတ် ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် များကို လာအို နိုင်ငံရှိ တရားဝင်ဖြန့်ဖြူး ရောင်းချခွင့် ရသော KP3G & Nomura Trading ကုမ္ပဏီမှ လာအို ကားဈေးကွက်တွင် ထိုးဖောက်နိုင်ရန် ပထမဆုံး ခြေလှမ်း စတင်ခြင်း ဖြစ်သည်။
ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ် ငယ်မှာ အရှည် ၃၂၃၅ မီလီမီတာ၊ အကျယ် ၁၃၉၅ မီလီမီတာ၊ အမြင့် ၁၇၆၅ မီလီမီတာ၊ အင်ဂျင် အမျိုးအစား ၁ ဒသမ ဝ လီတာ၊ အက် ၁ဝ အေ ဓာတ်ဆီအင်ဂျင် (1.OL F10 A Gasolie Engine ၊ ဂီယာ အရွှေ့အပြောင်း ငါးချက် (5-MT) ရှိသည်။
''ဆူဇူကီး (မြန်မာ) မော်တာ ကုမ္ပဏီကထုတ်တဲ့ Carry ကုန်တင်ယာဉ်ငယ် တွေက မြန်မာနိုင်ငံ ဈေးကွက်နဲ့ ကားလေး လောကမှာ နာမည်တစ်ခုနဲ့ အချိန်အတော် ကြာကြာ လက်ခံရပ်တည် ထားနိုင်ပါတယ်။ အခု အခါမှာ မြန်မာနိုင်ငံက ဆူဇူကီး (မြန်မာ) မော်တာ ကုမ္ပဏီက ထုတ်လုပ်တဲ့ Carry ကုန်တင်ယာဉ်ငယ်ကို ပထမဆုံးပြည်ပ တင်ပို့မှုအဖြစ် စတင်လိုက် တာပါ'' ဟု ဆူဇူကီး (မြန်မာ) မော်တာကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး မစ္စတာဆူဂီယာမ က ပြောသည်။
မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထုတ် ဆူဇူကီး (မြန်မာ) Carry ကုန်တင်ယာဉ်ငယ် ကို ၁၉၉၈ ခုနှစ်မှ စတင်တပ်ဆင် ထုတ်လုပ်ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ အထိ ယာဉ်အစီးရေ ၆ဝ၂၅ စီး ထုတ်လုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)
No comments:
Post a Comment