Social Icons

Pages

Wednesday, February 1, 2017

ဆားကွင်းများနေရာ၌ မွေးမြူရေးလုပ်ငန်းသုံး အစာ အာဒီမီးယား မွေးမြူခြင်းလုပ်ငန်းကို အကောင်အထည် ဖော်သွားမည်



ပုသိမ် ၊ ၁-၂-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားကွင်းများ နေရာ၌ မွေးမြူရေး လုပ်ငန်းသုံးအစာ အာဒီမီးယား မွေးမြူခြင်း လုပ်ငန်းကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးရှိ ဆားကွင်းများ တည်ရှိရာ မြို့နယ်များ၌ ဆားချက်ခြင်း လုပ်ငန်းဖြင့်သာ အသက်မွေး ဝမ်းကျောင်းပြုရာမှ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဆားကို ပြည်ပ နိုင်ငံများမှ ဝယ်ယူခြင်း မရှိသည့်အတွက် ဆားလုပ်ငန်းများမှာ အရှုံးပေါ် ခဲ့ရသည်။

''လပွတ္တာမြို့နယ် မှာဆိုရင် ၂ဝ၁၂ ခုနှစ် လောက်အထိ ဆားလုပ်ငန်း လုပ်ကိုင်တဲ့သူက လူဦးရေ ၁၃ဝ ကျော် အထက်မှာ ရှိပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်လည်း ရောက်ရော ဆားလုပ်ငန်း လုပ်ကိုင်တဲ့သူက ၆၅ ဦးလောက်ပဲ ရှိတော့တယ်။ အခုနောက်ပိုင်းမှာ ဆားလုပ်ငန်းတွေ က အရှုံးပေါ်လို့ မလုပ်တော့ တာပါ။ အရင်က လပွတ္တာမြို့နယ် ဆိုရင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်း၊ ဆားလုပ်ငန်း တွေနဲ့ အရမ်းကို နာမည်ကြီးတဲ့ နေရာ တစ်ခုပါ။ အခုဆိုရင် အရှုံးပေါ်တာ တွေများလို့ ဆားလုပ်ငန်း ကိုလည်း မလုပ်ကြတော့ဘူး'' ဟု မွေးမြူရေး လုပ်ငန်းရှင် ဦးစိုးသာဦး က ပြောသည်။

ထို့ပြင် ငါး၏အစာ ဖြစ်သော အာဒီမီးယား ကို ပြည်ပနိုင်ငံမှ မှာယူ နေရသော်လည်း ပြည်တွင်းရှိ ဆားကွင်းများ၌ အာဒီမီးယား က မွေးမြူနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။

'' ဒီဆားကွင်း နေရာတွေကို လိုက်ပြီး လေ့လာလိုက်တဲ့ အခါမှာ အာဒီမီးယား ကိုမွေးမြူမယ် ဆိုရင် အဆင်ပြေ လာနိုင်ပါမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အာဒီမီးယား မွေးမြူတဲ့ နေရာတွေကို သွားရောက် လေ့လာခဲ့တယ်။ အာဒီမီးယား မွေးမြူရေး လုပ်ငန်းကို ငါးလုပ်ငန်းက တာဝန်ရှိသူတွေ ကွင်းဆင်း ဆောင်ရွက်မယ် ဆိုရင် ပြန်ပြီး အဆင်ပြေလာ နိုင်မယ်။ ဒေသခံတွေ ကိုယ်တိုင် လက်တွဲ ဆောင်ရွက် လုပ်ကိုင်ချင်တဲ့ သူတွေလည်း ရှိလို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကို တင်ပြသွားဖို့ ရှိပါတယ်''ဟု မွေးမြူရေး လုပ်ငန်းရှင် ဦးဟန်မင်း က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...