Social Icons

Pages

Tuesday, February 28, 2017

ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်း သာမကဘဲ များစွာကျယ်ပြန့် ၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် အရာရှိကြီးများအား
 တွေ့ဆုံအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၈-၂-၂၀၁၇

ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်း သာမကဘဲ များစွာ ကျယ်ပြန့်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံသားများတွင် အပါအဝင် ဖြစ်သည့် တပ်မတော် တွင်လည်း တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပြီး နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင် ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် အရာရှိကြီးများ နှင့် တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တိုင်းမှူးများ၊ တပ်မမှူးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော် အနေဖြင့် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရမည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊ ထိုသို့ကာကွယ် ရာတွင် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ၊ ပြည်သူလူထု၏ အကျိုးစီးပွား ဖြစ်သည့် လုပ်ဆောင်နေသော လုပ်ငန်းရပ်များ၊ နိုင်ငံတော်၏ အကျိုးစီးပွားများ၊ မြေပေါ်မြေအောက် သယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအပိုင်းတွင် အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဥပဒေအရ စောင့်ရှောက်ပေး ကြရပြီး ဥပဒေစိုးမိုးမှု မရှိသည့်နေရာများ၊ လုံခြုံမှု အားနည်းသော နေရာများတွင် တပ်မတော်က ပါဝင်လုပ်ဆောင် ရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို တပ်မတော် အနေဖြင့် ခေတ် အဆက်ဆက်တွင် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက် ဆောင်ရွက် လျက် ရှိကြောင်း၊ ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း မှာပင် တပ်မတော်က တရားမ၀င်သစ်များ ဖမ်းဆီးရာတွင် သစ် ၈၅၄၂ ဒသမ ၃၈ တန်၊ တရားခံ ၃၉၄ ဦး၊ ယာဉ် ၂၆၆ စီး၊ ယန္တရား ၂၄ စီး၊ သစ်စက် ၂၃ ခုနှင့် ချိန်းဆောများ၊ စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ တွက်ချက်မှုအရ တန်ဖိုး ကျပ်သိန်းပေါင်း ၄၆၅၈၀ ခန့်ရှိကြောင်း၊ အဆိုပါသစ်များကို တပ်မတော်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ ပူးပေါင်း ဖမ်းဆီးခြင်း၊ သစ်တောဦးစီးဌာနမှ ပေးသည့် သတင်းများအရ နယ်မြေခံတပ်က သွားရောက် ဖမ်းဆီးခြင်း၊ မိမိတပ်များက မြေပြင်သတင်း၊ ဝေဟင် ထောက်လှမ်းမှု သတင်းများအရ ဖမ်းဆီးခြင်းများဖြင့် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်နိုင်ခြင်း ဖြစ်ကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်က ဖမ်းဆီးရမိသည့် ကျောက်စိမ်း ၁၃၇၅၈ ဒသမ ၂၆၄ ကီလိုဂရမ်(၁၃ ဒသမ ၇၅၈ တန်) ရှိကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင်လည်း ဖားကန့်ဒေသမှ ကျောက်စိမ်း ၂၃၈၀၂ ဒသမ ၇၄ ကီလိုဂရမ်(၂၃ ဒသမ ၈၀၂ တန်)တို့အား ဖမ်းဆီးရမိပြီး လွှဲပြောင်းအပ်နှံခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ကျောက်စိမ်းတုံးများကို တရားဝင် သယ်ဆောင်သည့် ကားများတွင် အံဝှက်များ ပြုလုပ်၍ တရားမ၀င် ခိုးထုတ်နေမှု ဖြစ်ကြောင်း သတင်းအရ တပ်မတော်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ တရားဝင် လုပ်ကိုင်ခွင့်ရရှိမှု အပေါ် ဥပဒေကို လက်တစ်လုံးခြား ပြုလုပ်၍ ခိုးထုတ်နေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အနေဖြင့်လည်း ၂၀၁၆ ခုနှစ် အတွင်း ဘိန်းဖြူ ၁၆၃၃ ဒသမ ၃၆၈ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃၇၂ ဒသမ ၂၉၇ ကီလိုဂရမ်၊ ဘိန်းမည်း ၁၀ ဒသမ ၄၅၈ ကီလိုဂရမ်၊ ဆေးခြောက် ၆၅၃ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၃၅၃၄၄၇၀ ပြား တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့် ပတ်သက်၍ နိုင်ငံပိုင် သယံဇာတပစ္စည်း ခိုးထုတ် ရောင်းဝယ်မှု များကို တပ်မတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေမှုများ လုပ်ဆောင်နေခြင်း၊ လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ကို သိရှိရန် လိုကြောင်း၊ မိမိတို့ဌာနချုပ် နယ်မြေအလိုက် တပ်ဌာနချုပ် နေရာများ၊ လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ထမ်းဆောင် နေသည့် နယ်မြေများတွင် နိုင်ငံ၏ သယံဇာတများကို လုံခြုံအောင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တိုင်းပြည်၏ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားရာတွင် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်း ခဲ့ကြောင်း၊ ပထမ သက်တမ်းကာလ ရွေးချယ်ခံ အစိုးရ အနေဖြင့် တပ်မတော် အစိုးရ အုပ်ချုပ်မှုပုံစံ ပြောင်းလဲရခြင်း၊ ဒီမိုကရေစီ အတွေ့အကြုံ မရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးခြင်း တို့ကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် အခက်အခဲများစွာ တွေ့ခဲ့ရကြောင်း၊ စီးပွားရေးအရလည်း ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင် ကျင့်သုံးရာတွင် နိုင်ငံထုတ်ကုန် တိုးတက်မှု၊ ပြည်ပမှ သွင်းကုန်ပမာဏ များပြားပြီး ဘတ်ဂျက် လိုငွေပြမှု အခြေအနေများ၊ ဒေါ်လာဈေး၊ ရွှေဈေး အပါအ၀င် ကုန်ဈေးနှုန်း ကြီးမြင့်လာမှု အခြေအနေများကို ထည့်သွင်းသုံးသပ် ရမှာဖြစ်ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်မှုရှိအောင် လုပ်ဆောင် နေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပထမ ၅ နှစ်သက်တမ်း ကာလ၊ ဒုတိယသက်တမ်း ပထမနှစ်ကာလ တိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက်သေး သည်ကို တွေ့မြင်ရကြောင်း၊ တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း၊ နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက် ကူညီပေးရန်နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့အကျိုးစီးပွား ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီ ခေတ်တွင် ရွေးချယ်ခံ အစိုးရများ အနေဖြင့် မိမိပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေကြကြောင်း၊ ယင်းအချက်များ မအောင်မြင်ပါက ပြည်သူက လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရများ မည်သို့ပင် ပြောင်းလဲစေကာမူ ပြည်သူလူထု၏ စားသောက် နေထိုင်မှု အဆင်ပြေ ကောင်းမွန်ရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု၊ အိမ်ထောင်စု စားဝတ်နေရေး အခြေအနေနှင့် နေထိုင်မှု ဘ၀လေ့လာမှု စစ်တမ်း (IHLCA)အရ ဆင်းရဲ နွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်း ရှိကြောင်း၊ သို့ဖြစ်၍ စားသောက်ကုန် ဈေးနှုန်းကြီးမြင့် မှုကြောင့် အဆိုပါဆင်းရဲသူ၊ ၀င်ငွေနည်းသူများ အပေါ် ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် လိုကြောင်း၊ တပ်မတော် အနေဖြင့်လည်း ပြည်သူလူထု၏ စားရေးသောက်ရေး အဆင်ပြေစေရေး၊ ကုန်ဈေးနှုန်းအား ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်ရေး တို့တွင် တစ်ဖက်တစ်လမ်းမှ မဖြစ်မနေ ပါဝင်ကူညီရမည် ဖြစ်ကြောင်း၊ နံပါတ်တစ် အနေဖြင့် တပ်မတော်သားများ၊ မိသားစုဝင် များ၏ စားရေး လိုအပ်ချက် ရာခိုင်နှုန်း ပြည့်မီအောင် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်သူလူထု၏ စားရေး အဆင်ပြေစေရေး ၀ိုင်းဝန်း ကူညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိနယ်မြေရှိ ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း ဦးစားပေး ကူညီရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထု၏ ကုန်ထုတ်လုပ်ငန်းများ၊ ၀င်ငွေရမည့် လုပ်ငန်းများ အောင်မြင်စေရန် အကူအညီ ပေးရမည် ဖြစ်ကြောင်း၊ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒေသထွက် အရည်အသွေးမြင့် ကုန်ထုတ် လုပ်ငန်းများ ဖန်တီးလုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံလူထု အတွက် ယင်းလုပ်ငန်းများ အောင်မြင်စေရန် အားပေး ကူညီခြင်းဖြင့် မြို့ပြသို့ လူစီးဆင်းမှုပါ လျော့ကျပြီး ဖိအားများ နည်းလာမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် လူတိုင်း အလုပ်လုပ်နိုင်ရန် အတွက် အတတ်ပညာ လိုအပ်သကဲ့သို့ ကျန်းမာကြံ့ခိုင် ရန်လည်း လိုကြောင်း၊ နိုင်ငံတော် အနေဖြင့် အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက် ပေးလျက် ရှိသော်လည်း နိုင်ငံအနှံ့ မဖြန့်ကြက်နိုင် သေးကြောင်း၊ တပ်မတော်အနေဖြင့် ကျေးလက်ဒေသများ၊ ကျန်းမာရေး လိုအပ်ချက်ရှိသော ဒေသများတွင် တပ်မတော်က ကျန်းမာရေး စောင့်ရှောက်မှုများ ဖြည့်ဆည်း လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေး သည့်အပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအစီအစဉ်ဖြင့် လုပ်ဆောင်မှု များလည်း ရှိကြောင်း၊ ယင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် စေတနာရှင်များ၏ လှူဒါန်းဒါန ပြုမှုများနှင့် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့၏ ကုသမှု ပညာဒါန၊ လုပ်အားဒါနများ ပေါင်းစပ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနိုင်သည့် အကြိမ်အရေအတွက် ၂၈၉၃ ကြိမ်၊ ဆေးဝါးကုသမှု ခံယူသည့်ပြည်သူ ၁၃၃၂၀၁၂ ဦးရှိခဲ့ပြီး ယင်းအနက်မှ ၁၃၄၁၃ ဦးအား တပ်မတော် ဆေးရုံများသို့ ပြောင်းရွှေ့ တက်ရောက်စေ၍ ဆေးကုသမှုများ လုပ်ဆောင်ပေး နိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကာယကံရှင် ပြည်သူများအတွက် ဆေးဝါးကုသမှု အကုန်အကျ သက်သာစေသည့် အပြင် ကျန်းမာရေး ကောင်းမွန်ခြင်းဖြင့် ငယ်ရွယ်သူများ ကောင်းစွာ အသိပညာ၊ အတတ်ပညာ ရှာဖွေနိုင်ခြင်း၊ အလုပ်လုပ်သူများ အပြည့်အ၀ အလုပ်လုပ်နိုင်ခြင်း ကြောင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် အထောက်အကူ ပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ပညာရေးနှင့် ပတ်သက်၍လည်း နယ်မြေလုံခြုံရေး အရ ကျောင်းများ မပိတ်ရစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှု အတွက် လုံခြုံရေးရှိအောင် လုပ်ဆောင်ပေး ရမည် ဖြစ်ကြောင်း၊ တပ်မတော်သား မိသားစုဝင်များ၏ ပညာရေးကို အားပေးလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ စာသင်ကျောင်း များတွင်ရှိသည့် ပညာရေးဝန်ထမ်း များ၏ နေရေး၊ စားရေးကိစ္စရပ်များ ကိုလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်း ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူ စာသင်ကျောင်းများ၏ လိုအပ်ချက်များကိုလည်း အမြဲမပြတ် စစ်ဆေးကြပ်မတ်၍ ကူညီအားပေး ရမည်ဖြစ်ကြောင်း၊ မကြာမီ တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုကြရမည် ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများ ကောင်းမွန်စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မေးခွန်းလွှာ၊ အဖြေလွှာများ လုံခြုံစွာအချိန်မီ ပို့ဆောင်နိုင်ရေး ကိစ္စရပ်များတွင် ပူးပေါင်းကူညီ လုပ်ဆောင်သွား ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ပညာတတ်များစွာ ထွက်ပေါ်လာရေး အရှည်ကို မျှော်တွေး လုပ်ဆောင်ရန် မှာကြားသည်။

လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတတ် စေရန်အတွက်လည်း လူငယ်များကို တိုင်းပြည်အတွက် အကျိုးပြုနိုင်သူများ ဖြစ်လာအောင် ၀ိုင်းဝန်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ လူငယ်များတွင် ကာယ၊ ဥာဏ၊ စိတ္တ၊ မိတ္တနှင့် စာရိတ္တ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့်အပြင် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ဖြစ်ပေါ်ကိန်းအောင်း နေစေရေး၊ သက်ဆိုင်ရာ ဘာသာရေးအရ ရိုသေကိုင်းရှိုင်းမှု၊ ယဉ်ကျေးလိမ္မာမှု ရှိရေးတို့အား သွန်သင်ဆုံးမ ပြုပြင်ပေးကြ ရမည်ဖြစ်ကြောင်း၊ ယခုနွေရာသီေ  ကျာင်းပိတ်ရက် တွင်လည်း လူငယ်များအတွက် အကျိုးရှိစေမည့် သင်ကြား လေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် လူငယ်များအတွက် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများ ဖွင့်လှစ်ပေး ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရေကြောင်းလူငယ် အခြေခံ၊ တန်းမြင့်သင်တန်း နှစ်ရပ်ပေါင်း ၉၂၀ ဦး ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း အင်အား ၄၀၀ ဦးဖြင့် သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လေကြောင်းလူငယ်များကိုလည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ အခြေခံ၊ တန်းမြင့် သင်တန်းနှစ်ရပ်ပေါင်း ၁၀၇၈ ဦးဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း အင်အား ၅၆၀ ဦးအား သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော် ကာကွယ်ရေး အတွက် စိတ်ပါဝင်စားသူ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကိုလည်း UTC များဖွင့်လှစ်၍ အခြေခံစစ်ပညာများ သင်ကြားပေးလျက် ရှိရာ ၂၀၁၃ ခုနှစ် တွင် ၁၇၁ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂၅၄ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၇၂၅ ဦးအထိ တဖြည်းဖြည်း သင်တန်းသား အင်အားတိုးတက် လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကျောင်းသားများ သာမက ကျောင်းသူများပါ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့သဖြင့် အင်အား ၃၁၉၉ ဦးအထိ တိုးတက်လာခဲ့ပြီး လက်ရှိ ၂၀၁၇ ခုနှစ်တွင် ကျောင်းသူ၊ ကျောင်းသား သင်တန်းသား ၄၁၄၁ ဦး သင်တန်း တက်ရောက်လျက် ရှိကြောင်း၊ ယင်း သင်တန်းသားများ၏ ပြောကြားချက်များ အရ သင်တန်း တက်ရောက်ခြင်းဖြင့် အချိန်ကိုလေးစားမှု၊ စည်းကမ်းတကျ နေထိုင်မှု၊ တတ်ကြွစွာ လုပ်ဆောင်တတ်မှု  အလေ့အကျင့် ကောင်းများရရှိ စေကြောင်းနှင့် UTC သင်တန်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများ ကလည်း ၀ိုင်းဝန်းအားပေး လုပ်ဆောင် ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် နယ်မြေဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာ၌ လျှပ်စစ်မီးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား အတွက် စီမံကိန်းများစွာ  လုပ်ဆောင်နေ သော်လည်း အကြောင်း အမျိုးမျိုးသော ကန့်ကွက်မှုများ၊ ကန့်သတ်ချက် များကြောင့် ရပ်တန့်နေသည်များ ရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့နယ်မြေ ဒေသအလိုက် ရေအား၊ လေအား၊ ဆိုလာ၊ ဘိုင်အိုဒီဇယ် စသည်ဖြင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ လုပ်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ချက်ပြုတ်ရေး ကိစ္စရပ်များတွင် ထင်း၊ မီးသွေးများ အသုံးပြုနေရကြောင်း၊ သို့ဖြစ်၍ တပ်ဌာနချုပ် အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးကြ ရမည်ဖြစ်ကြောင်း၊ မိမိတပ် သာမက တပ်ပတ်ဝန်းကျင် နယ်မြေဒေသတွင်ပါ ထင်းစိုက်ခင်းများ စိုက်ပျိုးရေး သစ်တောဦးစီးဌာန နှင့် ပေါင်းစပ်၍  စည်းရုံးလုပ်ဆောင် သွားရန် လိုအပ်ကြောင်း၊ ထို့အပြင် ရွှေ့ပြောင်းတောင်ယာ စနစ်နှင့် မြေပြန့်ဒေသ များတွင် ယာများပြောင်းရွှေ့ လုပ်ကိုင်မှုကြောင့် သစ်တောများ ပြုန်းတီးမှုရှိကြောင်း၊ ယင်းယာ ပျက်နေရာများ တွင်လည်း ထင်းစိုက်ခင်းများ၊ အရိပ်ရေ လကာပင်များ စိုက်ပျိုးရမည် ဖြစ်ကြောင်း၊ သစ်ပင်များ စိုက်ခြင်းဖြင့် အရိပ်အာဝါသ ကောင်းမွန်ပြီး လူ့ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ကို ထိန်းသိမ်းနိုင်ယုံ သာမက ရာသီဥတုကိုပါ မျှတ ကောင်းမွန်စေခြင်း ကြောင့် ယခုနှစ်မိုးရာသီ တွင် မိမိတပ်ဧရိယာ တွင်သာမက တပ်ဌာနချုပ်ရှိရာ နယ်မြေအလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ နှင့်ပူးပေါင်း သစ်ပင်စိုက်ပျိုးမှုများ လုပ်ဆောင်သွားရန် လိုကြောင်း၊ အလားတူ စိုက်ပျိုးရေ၊ သောက်သုံးရေများ ကိုလည်း အတတ်နိုင်ဆုံး ခြိုးခြံချွေတာခြင်းဖြင့် ရေသုံးစွဲမှု စနစ်တကျ ရှိရန်လိုကြောင်း၊ ယမန်နှစ်က မိုးခေါင်သဖြင့် နေပြည်တော် ကောင်စီနယ်မြေရှိ ရေဆင်းဆည်မှာ ၅၇ ပေခန့်အထိ ကျဆင်းသွားကြောင်း၊ ယခုနှစ်တွင် ရေပြည့်အမှတ် ၉၉ ပေအနက် ၈၈ ဒသမ ၅ ပေ ကျန်ရှိနေကြောင်း၊ ပေါင်းလောင်းဆည်တွင် ရေပြည့်အမှတ် ၃၈၀ ပေအနက် လက်ရှိ ၃၇၃ ပေခန့် ကျန်ရှိနေကြောင်း၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်တွင် ယမန်နှစ်က ၁ ဒသမ ၇ ပေခန့်သာ ကျန်ရှိရာမှ ယခုနှစ်တွင် ၄ ဒသမ ၄ ပေကျန်ရှိနေကြောင်း၊ မိုးဗြဲဆည်တွင် ရေပြည့်အမှတ် ၅၂ ပေအနက် ၄၇ ဒသမ ၈၄ ပေ ကျန်ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဂျိုးဖြူတွင် ရေပြည့်အမှတ် ၂၁၅ ပေအနက် ၂၁၀ ဒသမ ၈ ပေ၊ ငမိုးရိပ်ဆည်တွင် ရေပြည့်အမှတ် ၁၀၇ ပေအနက် ၉၆ ဒသမ ၉ ပေနှင့် ဖူးကြီး ရေလှောင်တမံတွင် ရေပြည့် အမှတ် ၁၁၅ ပေအနက် ၁၀၈ ဒသမ ၁၀ ပေ ကျန်ရှိနေကြောင်း၊ သို့ဖြစ်၍ ဆည်များ၊ ရေကန်၊ ရေလှောင်တမံများ၌ ကျန်ရှိရေများကို မိုးမကျမီကာလ ဖြစ်သော မတ်၊ ဧပြီ ၊ မေ၊ ဇွန်လများတွင် ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ရေချွေတာ သုံးစွဲရန်အတွက် မိမိကိုယ်တိုင် သာမက နယ်မြေလူထုနှင့် ထိတွေ့ပြောဆို လှုံ့ဆော်ကြရန် လိုအပ်ကြောင်း၊ နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ်ကိုလည်း ကြိုတင် ကာကွယ်မှုများ ပြုလုပ်ကြရန် လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...