Pages

Monday, February 27, 2017

ရယူသူတို့၏ နှလုံးခတ်သံ


ရယူသူတို့၏ နှလုံးခတ်သံ

( ဆောင်းပါးရှင် မဒါလေး )

မြသီတစ်ယောက် ဈေးခြင်းတောင်း ကိုကိုင်ကာ ဟိုလျှောက် သည်လျှောက် ဖြစ်နေသည်။ စိတ်ထဲတွင် လည်းဘယ်သူ့ အတွက် ဘာဝယ်ရမည်ကို မသိဘဲ ဖြစ်နေသည်။အိမ်တွင် လူကြီးများရှိ သဖြင့် အစားအသောက် ဝယ်ရာတွင် အဓိက ခေါင်းခြောက် ရသည်။မတည့်သည့် အစားအသောက် များဝယ်မိလျှင် ဒုက္ခပိုများသည်။ အဖေနှင့်မတည့်သော အစားအစာများ၊ အမေနှင့်မတည့်သော အစားအစာများ၊ အဘိုး အဘွားနှင့်မတည့်သော အစားအစာများ အားလုံးကို ခြုံကြည့်လျှင် တစ်ခါတစ်ရံ စားစရာပင် သိပ်မကျန် ချင်ပေ။ ဆန်နှင့်ဆီ ကအစ နောက်ဆုံး ကန်စွန်းရွက်ထိ တစ်အိမ်သားလုံးနှင့် အဆင်ပြေစေရန် စီမံဆောင်ရွက် ရသည်။ တစ်ခါတစ်ရံ ဘာမျှမဝယ် ဖြစ်ဘဲ ဈေးထဲတွင်ပင် ချာချာလည် နေသည်။

ဆန်ဝယ် သည့်အခါ ကြမ်းလျှင်လည်း ကလေးများ နှင့်အဘိုးအဘွား များအတွက် အဆင်မပြေ ပေါ်ဆန်းမွှေး ကျပြန်တော့လည်း အဆီဓာတ်နှင့် မတည့်သော အဖေ့အတွက် အဆင်မပြေ သဖြင့် နှစ်မျိုးလောက် ဝယ်ရသည်။ ဆီကတော့ ခွဲခြားမနေဘဲ အိမ်ကလည်း ဆီမကြိုက် ကြသဖြင့် ကျန်းမာရေး နှင့်လည်း ညီညွတ် သောပဲပိစပ်ဆီ နှင့် နေကြာဆီကို တစ်လှည့်စီသုံး ဖြစ်သည်။ မြေပဲဆီစစ်စစ်က လူကိုအန္တရာယ် မဖြစ် ဆိုသော်လည်း ဈေးထဲတွင် အတုအစစ် ခွဲရသည်က တော်တော်ပင် ခက်သည်။ ကြက်သား ဝယ်ပြန်တော့လည်း စီပီနှင့်ဗမာကြက် ကိုမျှဝယ် ရပြန်သည်။ ဗမာကြက်က အရသာလေး သော်လည်း တစ်ခါတစ်ရံ အသားမာ တတ်သဖြင့် လူကြီးများ အတွက် ခက်ပြန်သည်။ စီပီ ကျပြန်တော့လည်း အသားပွသည် ပေါ့ သည်ဟုဆိုကာ လူကြီးများက မကြိုက်ကြပြန်။ မြသီ အတွက် အခက်တွေ့ရသည်။ လူကြီးများ အတွက် ဗမာကြက်နုသည် ကိုရွေးဝယ်ပြီး ကျန်အိမ်သားများ  အတွက် စီပီကြက်ကို ရွေးဝယ်ရ ပြန်သည်။

ဝက်သား ကြိုက်သော  အဖေ့အတွက် အဆီနှင့် မတည့်သဖြင့် အသားချည်း သတ်သတ် ဝယ်ပေး ရပြီးသုးံထပ်သား ကြိုက်သောအဘိးု အတွက်လည်း သီးသန့် ဝယ်ရပြန်သည်။ ငါးကြိုက်သော အဘွားအတွက် တစ်နေ့ ငါးတစ်မျိုး မထပ်အောင် စီမံရသေးသည်။ အဖေ့၏ ပုံစံပေးမှုအရ မြသီတို့အိမ် ၏ထမင်းဝိုင်း တွင်နံနက်တိုင်း ပဲဟင်းချိုတစ်ခွက် ချက်ရသည်။ ပဲအမျိုးမျိုးကို တစ်နေ့တစ်မျိုး မရိုးအောင် ပြောင်းချက် ရသည်။ ငါးပိရည်နှင့် တို့စရာ ကလည်း မပါသည့်နေ့ မရှိစေရ။ အသားဟင်း တစ်မျိုးနှင့် အရွက်ကြော် တစ်မျိုးပါသည်။ ညနေထမင်းဝိုင်း ကမူ အသားဟင်း တစ်မျိုးနှင့် ဟင်းခါးရည်ပါ လျှင်လုံလောက်သည်။ သို့အတွက် စီမံရသည့် အိမ်ရှင်မမှာ တော်တော်ကို ပင်ပန်းသည်။ မြသီတို့ မောင်နှမ များအတွက် အမေ စီမံပေးသော ထမင်း ဝိုင်းတွင် အမေ မည်မျှ အားစိုက်ထုတ် ရသည်ကို ယခုမှ နားလည်မိသည်။ သည်ကြားထဲ ဟင်းကြေးများ ခဲ့သော ကိုယ့်ကိုယ်ကိုယ် မြသီအပြစ်တင် နေမိသည်။ 

တစ်ခါတစ်ရံ အလုပ်တစ်ဖက် နှင့်မို့ သေချာ မစီမံနိုင်သော နေ့များတွင် ''လူကြီးတွေ ထမင်းစားလို့မှ ကောင်းရဲ့လား''ဟု မချင့်မရဲဖြင့် ထမင်းဝိုင်းကို ကြည့်မိသည်။ ထမင်းဟင်းများ အများကြီး ကျန်နေသည့် နေ့များတွင် ''ဘာတွေ အစပ်အဟပ် မတည့်လို့လဲ''ဟု ပြန်သုံးသပ် ရသည်။ ကလေးများ ကမူ ဖြစ်သလိုကျွေး သည့်အတိုင်း စားတတ်ကြ သော်လည်း လူကြီးများ ကမူ တစ်ခါတစ်ရံ စိတ်တိုင်းမကျ ဖြစ်တတ်သည်။ ဟင်းချက်သူ ၏စေတနာမှာ ဟင်းအရသာ တွင်ပေါ်လွင် သကဲ့သို့ မိမိချက်သည ဟင်းမကုန်လျှင် စိတ်ထဲ မလုံမလဲ ဖြစ်မိသည် ကတော့ မြသီတစ်ဦးတည်း ဖြစ်မည်မထင်။ အိမ်ရှင်မ တိုင်းပင် ထိုသို့ဖြစ် တတ်ကြလိမ့်မည် ဟုလည်း မြသီခံစား မိသည်။ 

တစ်နေ့ အိမ်တွင် ထမင်းဟင်း ချက်နေရင်း ဘေး အိမ်မှစကား များသံကို အိမ်နောက်ဘက်မှ အတိုင်းသား မြသီကြား လိုက်ရသည်။ ဘေးအိမ်မှ အဒေါ်ကြီးက သူ့သမီးကို ပြောနေခြင်း ဖြစ်သည်။''နင်ကတော့လေ မိဘတွေကိုတောင် မသဒ္ဓါဘူး၊ နင်ဘယ်တော့မှ ကြီးပွား မှာမဟုတ်ဘူး '' ဆိုသည့်စကား မှာကြားရသူ မြသီပင် စိတ်ထဲ တော်တော်မကောင်း ဖြစ်သွားရသည်။ အပြောခံ ရသည့်သူဘက် က မည်သို့ဖြစ်မည် ကို မြသီမမှန်း ဆတတ်တော့ပါ။ ထိုအစ်မမှာ ရုံးလုပ်ငန်း တစ်ဖက်၊ သားသမီး များကျောင်း ကြိုပို့တစ်ဖက် နှင့်နံနက် မိုးလင်းမှ မိုးချုပ်သည်ထိ အမြဲမ ပြတ်လှုပ်ရှား နေရသူ တစ်ဦးဖြစ်သည်။ နံနက်မိုးလင်း မြသီတို့ အိမ်တံခါး ဖွင့်ချိန်တွင် ထိုအစ်မ ဈေးက ပြန်လာနေပြီ။ ကလေးများကို  ဖြီးလိမ်းပေးပြီး မီးဖိုချောင်တွင် ချက်ပြုတ်နေပြီ။ မိဘများ အတွက်ပါ နံနက်စာနှင့် နေ့လယ်စာ ပြင်ဆင် ပေးပြီးမှ ကလေး များကိုကျောင်းပို့ ရင်းရုံးသွားသည်။ ညနေ ပြန်လာလျှင်လည်း ချက်၊ ပြုတ်၊လျှော်ဖွပ်နှင့် သူ့မှာ နားရ သည်မရှိ။တစ်ခါတစ်ရံ သူချက်သည့် ဟင်းနံ့များ နှင့်ပင် တစ်ဖက် အိမ်မှ စားချင် နေမိသည်။ ထိုသို့သော အနံ့အရသာ နှင့်ပြည့်စုံ သည့်ဟင်းမှာ စားမကောင်း စရာ မရှိလောက်ပေ။ သို့သော် ယခုကဲ့သို့ အသံမျိုး ကြားရသည့်အခါ တွင်လည်း မယုံကြည် နိုင်လောက်အောင် ဖြစ်ရသည်။ 

တစ်ရက် မြသီ ဘေးအိမ်က အစ်မနှင့် ဈေးထဲတွင် ဆုံသည်။ လက်ထဲတွင် ကိုင်လာသော ဈေးခြင်းတောင်းထဲ တွင်လည်း ဘာမျှ မပါသေးဘဲ ဟိုသည် ကြည့်နေသည်။ ''အစ်မ ဘာဝယ် မလို့လဲ'ဟု မြသီမေးလိုက်သည်။ ထိုအစ်မမှာ အားတက်သွား သယောင် အကြည့်ဖြင့် ''ငါးသေးသေးလေး တွေဝယ်ချင် တာညီမရေ။ အစ်မက အလုပ် မအားတာနဲ့ ငါးသေးသေးလေး တွေသိပ် မဝယ်ဖြစ်ဘူး။ အခု အမေက စားချင်တယ် ဆိုလို့'' ဟု ပြန်ပြောသည်။ ငါးဝယ်မှာကို ''ဘာများ ခက်လို့လဲ''ဟု  မြသီကြည့် မိသည်။ ပြီးမှ မြသီဝယ် နေကျ ငါးသည်ထံ ခေါ်သွားကာ ငါးသေးသေးလေး များကို ဝိုင်းရွေးပေး လိုက်သည်။ ထိုအချိန် ကျမှပင် ထိုအစ်မ မျက်နှာမှာ အနည်းငယ် ရွှင်ပြုံးသွားသည်။ ခရမ်းချဉ်သီး၊ ပဲတီပင်ပေါက် နှင့်မှို၊ ကန်စွန်းရွက် စသည်တို့ လည်းစုံအောင် ဝယ်သည်။ နှစ်ဦးသား ဈေးဝယ်ပြီး ဈေးခြင်း ကိုယ်စီဖြင့် အိမ်ပြန်လမ်း ကိုဦးတည် လိုက်သည်။ အပြန်လမ်းတွင် ရုတ်တရက် ''ညီမတော့ ဘယ်လိုချက် ပြုတ်စီမံလဲ မသိဘူးနော်။အိမ်မှာ လူဒီလောက်များ တာတောင်မှပဲ။ အစ်မမှာတော့ လူလေးငါးယောက် ကို တစ်ရက်မှ အဆင်မပြေ ဘူးကွယ်'' ဟုပြောသည်။ သူ့အသံမှာ လေးလံနေသည်။ ''အစ်မရေ အတတ်နိုင်ဆုံး တော့ အဆင်ပြေအောင် ချက်တာပဲ။ စားလို့ အဆင်မပြေ ဘူးဆိုလဲ အပြော တော့နည်းနည်း ခံရတာပေါ့'' ဟုပြောလိုက်သည်။ မြသီ အပြောကို အံ့သြသလိုနှင့် ''ညီမလဲ အပြောခံ ရတာပဲလား။ အစ်မ တစ်ယောက်တည်း အပြောခံ ရတယ်ထင်လို့''ဟုပြောသည်။ မြသီ နည်းနည်းတော့  ရယ်ချင်သွားသည်။ ''အစ်မရေ မိဘတွေက ငယ်ရာ ကကြီးလာတဲ့ သူတွေ ကြီးပဲဆိုတော့ ကိုယ်ချက်တာ ဘယ်စိတ်တိုင်း ကျဖြစ်ပါ့မလဲ။ 

တစ်မျိုးမဟုတ် တစ်မျိုးတော့ အမြဲလိုတာ ပေါ့၊ အဓိက ကတော့ စားတဲ့အခါ စာနာစိတ် လေးနဲ့ ဖြည့်တွေးပြီး စားပေး နိုင်ရင် အကောင်းဆုံး ပဲပေါ့။ဟင်းချက် တာလဲ စိတ်ခံစားချက် ပါမှကောင်းတာ အစ်မရဲ့''ဟုမြသီ အပြောကို ထိုအစ်မက အြံ့သသလို ဖြင့် မျက်လုံးပြူးပြီး ကြည့်နေသည်။

''ညီမရေ အစ်မကတော့ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး မိဘတွေက သူတို့ကို စေတနာ မရှိဘူးလို့ ထင်နေတယ်။ အစ်မမှာလဲ အဘက်ဘက်က ဖြည့်ဆည်းပေး နေရတော့ လိုအပ်တာလေး တွေတော့ရှိ တာပေါ။့ တစ်ခါတလေ ဟင်း စပ်တာ၊ ငန်တာကအစ အစ်မက လုပ်ကြံသူကြီး ကိုဖြစ်လို့၊ အလုပ်ကလဲ တစ်ဖက်ဆိုတော့ စိတ်ဖိစီးမှု တွေကလဲ များတယ်။ အဲဒါကြောင့် အစ်မဟင်း လက်ရာများ မကောင်းလို့လား ပြန်သုံးသပ် ရမယ်''ဟု ပြောသည်။ ထိုအစ်မ ပြောမှပင် ကိုယ့်ကိုယ်ကိုယ်  သတိထား မိသည်။ တစ်ခါတလေ မြသီအလုပ် ပင်ပန်းလွန်းလျှင် ဟင်းကို လွယ်လွယ်ပင် ချက်တတ်သည်။ သို့သော် ထိုသို့သော အခါမျိုးတွင် အမေက ''ဒီနေ့ ပိုကောင်းတယ်''ဟုပြောတတ်သည်။ 

ထမင်းဟင်း ချက်ရာတွင် ချက်သည့်သူသာ အဓိကကျ သည်မဟုတ် စားသည့် သူလည်း အဓိကကျသည် ဟု မြသီမြင် မိသည်။ စားမည့်သူကလည်းစေတနာလေးနှင့် ဖြည့်တွေးပြီး စားတတ်မှ တော်ပေလိမ့်မည်။ ယနေ့ခေတ် မြသီတို့ ဖြတ်သန်းရသော လူမှုဘဝက တော်တော်ပင် ပင်ပန်း သည်ဟု ပြော၍ရသည်။ နေရေး၊ စားရေး မှအစစ အရာရာတိုင်း အတွက် ပူပင် နေရသည်။ ထိုသို့သော အခြေအနေတွင် အနားမှ မိသားစုဝင် များ၏ နားလည်မှု အရေးကြီးသည်။

တစ်ခါတစ်ရံ မိဘများ အနေဖြင့် သားသမီးဆို သည်မှာ ရယူသူများ ဟုတထစ်ချ သတ်မှတ်ထား လေရာ သားသမီးဆီ ကတစ်ခုခု ပြန်ပေးတိုင်း လွဲမှားစွာ လက်ခံတတ် ကြသည်။ အကျိုးသင့် အကြောင်းသင့် ဖြစ်သင့်သည် ကိုပြောသည့် တိုင်အောင် မိမိအလှည့် ကျတော့ သည်လိုလား ဆိုသည့် အတွေးမျိုး ဖြင့်တုံ့ပြန် တတ်ပြန်သည်။ စေတနာနှင့် ကျွေးမွေး လျှင်ပင်မာန နှင့်စားသုံး တတ်ကြသည်။ ထိုသို့သော လွဲမှားမှုတွင် အဘယ်သို့ ကောင်းမွန်သော အနှစ်အရသာ ကိုခံစား ရတော့ပါ မည်နည်းဟု မြသီစိတ်ထဲ တွေးမိသည်။ တစ်ခါတစ်ရံ ကြားရသော ''မိဘကို မသဒ္ဓါလို့လား၊ မပေးချင် လို့လား'' ဆိုသည့် စကား၏ နောက်တွင် ငါ့သားသမီး များအဆင် ပြေကြရဲ့လား၊ ငွေကြေး မရှိဘဲ အားတင်း နေရလား ဆိုသည်ကို  တစ်ချက် ငဲ့ကြည့် စေချင်သည်။ ထို့ထက်ပိုပြီး ထဲထဲဝင်ဝင် သိမြင် စေချင်သည်။ မြသီက လက်ထဲက ပိုက်ဆံအိတ်ငယ် လေးကို ကျစ်ကျစ် ပါအောင်ဆုပ်ရင်း ဈေးခြင်းတောင်း ကို မနိုင့်တနိုင် မကာ ခပ်သုတ်သုတ် ထွက်သွားသော ဘေးအိမ်မှ အစ်မကို ကြည့်ကာ ရင်ထဲမကောင်း ဖြစ်မိနေသည် မှာ အမှန်ပင် ဖြစ်ပါတော့သည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...