Social Icons

Pages

Monday, February 13, 2017

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ယဉ်ကျေးမှု အမွေအနှစ်ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင်သတ်မှတ်မည်



ညောင်ဦး ၊ ၁၃-၂-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် ထံမှ သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထား သော်လည်း ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရာတွင် နယ်နိမိတ် သတ်မှတ်ချက်ကို တိတိကျကျ ဖော်ပြပေးရန် လိုအပ်သဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့်သုံးလ အတွင်း အပြီး ဆောင်ရွက် သွားမည်ဟု လျာထားကြောင်း သိရသည်။

ယခုကဲ့သို့ နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ရာတွင် ပုဂံနှင့် တန့်ကြည့်တောင် ကြားရှိ ဧရာဝတီမြစ် နေရာ၊ ယုန်လွတ်ကျွန်းကို ထည့်သွင်းသတ်မှတ် မည်ဖြစ်ပြီး ယခင် သတ်မှတ်ထားသည့် နယ်နိမိတ်တွင် မပါဝင်သော်လည်း ကာကွယ် ထိန်းသိမ်းရန် လိုအပ်သောနေရာ များကို ထည့်သွင်းသတ်မှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၊ ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေများနှင့် နယ်နိမိတ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ယင်းဥပဒေ ရေးဆွဲခြင်းနှင့် နယ်နိမိတ် သတ်မှတ်ရာတွင် ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်တို့၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရောက်ရေးနှင့် အများပြည်သူ သိရှိနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ်ဒေသ များကာကွယ် ထိန်းသိမ်းရေး ဥပဒေ (မူကြမ်း) နှင့်ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...