Social Icons

Pages

Monday, February 20, 2017

အကြမ်းဖက် နှိမ်နင်းရေးတွင် အရှိန်မြှင့်လုပ်ဆောင်နေသည့် ပါကစ္စတန်



( ရှိန်းထက် ဘာသာပြန်သည်။ )

အကြမ်းဖက် တိုက်ခိုက်မှု သုံးရက်အတွင်း လူပေါင်း ၁ဝဝ နီးပါးသေဆုံးခဲ့ ရသည့် ဖြစ်ရပ်များကြောင့် ပါကစ္စတန် ပြည်တွင်းလုံခြုံရေး မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည့် အတွက် ပါကစ္စတန် အစိုးရအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာ နေရပြီဖြစ်သည်။

နိုင်ငံ၏ အထွတ်အမြတ် ထားရာ နေရာများ၌ အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဖြစ်ဖူးသော ပါကစ္စတန်တွင် ယခု အကြမ်းဖက်မှု၌ လူပေါင်း ၈၈ ဦး သေဆုံးရပြီး ၂၅ဝ ကျော် ဒဏ်ရာရခဲ့သည်။ ယင်း တိုက်ခိုက်မှုသည် ဆင်းဒ်ပြည်နယ် ကလယ်ရှာဘတ်ဇ် ကယ်လန်ဒါ ဘုရားကျောင်း၌ ဖြစ်ပွားခြင်း ဖြစ်ကာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပြီး ISIS တို့က သူတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်။

ထိုတိုက်ခိုက်မှု မတိုင်မီ နှစ်ရက်ခန့်က လာရှို တိုက်ခိုက်မှုကြောင့် လူ ၁ဝ ဦးကျော် သေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရခဲ့ သေးသည်။ ပါကစ္စတန်သည် ဆီးရီးယား နှင့် အီရတ်ရှိ ISIS တို့အခြေစိုက်ရန် နယ်မြေသစ် စခန်းတစ်ခု အဖြစ် အနောက်အုပ်စု ၏ ထင်ကြေး အပေးခံထား ရဆုံး နေရာဖြစ်သည်။ နယ်မြေခံ အကြမ်းဖက် တို့ကလည်း ISIS တို့ကိုသစ္စာခံပြီး အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်နေကြသည်။

ထို့ပြင် ဆီးရီးယားနှင့် အီရတ်ဘက်မှ ထွက်ပြေး လာသည့် ISIS တို့ ပါကစ္စတန်ထဲသို့ ရာထောင်ချီကာ ရောက်ရှိနေပြီ ဟုလည်း အမေရိကန်တို့က သတင်းထုတ်ပြန် ထားသောကြောင့် ပါကစ္စတန် လုံခြုံရေးမှာ ပိုမို စိုးရိမ်လာ နေရပြီဖြစ်သည်။ ထို့ကြောင့် ပါကစ္စတန် စစ်ဘက်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြည်တွင်း အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အကြမ်းတမ်းဆုံး စတင်ကိုင်တွယ် လာပြီဖြစ်သည်။

တိုက်ဖျက်ရေး လုပ်ငန်းစဉ်တစ်ခု၌ အကြမ်းဖက်သူပေါင်း ၁ဝဝ ကျော်ကို အသေသုတ်သင်  နိုင်ခဲ့ပြီး ပြည်တွင်း လုံခြုံရေးကိုလည်း အတင်းကျပ်ဆုံး ချမှတ်ထားသည်။ ထိုအကြမ်းဖက် မှုကြောင့် ပါကစ္စတန်သည် ၄င်းအိမ်နီးချင်း အာဖဂန်နစ္စတန်နှင့် အမြဲတမ်းလိုလို ပြဿနာတက် နေရသည်။ အာဖဂန်သည် နယ်မြေလုံခြုံရေး မစိုးမိုးနိုင်သည့် အတွက် အကြမ်းဖက်တို့ အကောင်းဆုံး ခိုအောင်းရာနေရာ ဖြစ်လျက်ရှိသည်။

ISIS အပါအဝင် တခြားအကြမ်းဖက် အဖွဲ့အစည်းများက အာဖဂန်နယ်စပ်ကို အသုံးပြုပြီး အာဖဂန်နယ်စပ်မှ တစ်ဆင့် ပါကစ္စတန်ထဲသို့ ဝင်လာကာ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင် တတ်ကြသည်။ နယ်စပ်ထိန်းချုပ်မှု အားနည်း သောကြောင့် စစ်သွေးကြွများ လွတ်လပ်စွာ သွားလာ၍ ရသည့် နေရာတစ်ခုကဲ့သို့ ပါကစ္စတန်နှင့် အာဖဂန်နယ်စပ် က အခြေအနေပေး နေသည်။ ထို့ကြောင့် ပါကစ္စတန်ဘက်က နယ်စပ်ကို မည်မျှပင် ထိန်းချုပ်ထိန်းချုပ် အာဖဂန်ဘက်က မထိန်းချုပ်နိုင်လျှင် ယင်းနိုင်ငံထဲ သို့ဝင်လာပြီး အကြမ်းဖက်မှုများ လုပ်ချင်တိုင်းလုပ်၍ ရသလို ဖြစ်နေသည်။ အာဖဂန် နှင့် ပါကစ္စတန်နယ်စပ် ကလည်း ရှည်လျား သည့် စည်းမျဉ်းတစ်ခု ဖြစ်သောကြောင့် အလုံးစုံထိန်းချုပ် နိုင်ရန် ခက်ခဲသည့် ကြားထဲ အာဖဂန်က ၄င်း၏ စစ်တပ် အသုံးစရိတ်ပင် သူများထောက်ပံ့ ပေးထားသည် ငွေနှင့် ရှင်သန်နေ ရသောကြောင့် လုံခြုံရေးဘက်ကို ၄င်းတို့ စိတ်တိုင်းကျ အပြည့်အဝ အာရုံစိုက်ရန် မဖြစ်နိုင်အောင် ဖြစ်နေသည်။

ထို့ကြောင့် အိမ်နီးချင်း ပါကစ္စတန်၏ ဖိအားပေး အပြစ်တင်မှုကို မကြာခဏ ခံနေရသည်။ ယခု ပါကစ္စတန်က သူ့နိုင်ငံထဲတွင် အကြမ်းဖက်လုပ်ရပ် များကိုလုပ်ပြီး အာဖဂန်နစ္စတန် ဘက်က ဖမ်းဆီးထားသည့် အကြမ်းဖက် သမား ၆၆ ဦးကို ၄င်းနိုင်ငံဆီသို့ လွှဲပြောင်းပေးရန် တောင်းဆို ထားသည်။ အာဖဂန်အစိုးရ ဘက်က မည်သည့် တုံ့ပြန်မှုမျိုးမှ မလုပ်သေးဘဲ ပါကစ္စတန်နှင့် အဆင်ပြေ စေချင်လျှင် လွှဲပြောင်းပေး ရမည့် အနေအထား ဖြစ်သည်။ ထို့ပြင် နယ်စပ်ရေးရာ ပြဿနာများတွင် အာဖဂန်ဘက်က ပါကစ္စတန်ထက် အားနည်းချက် များစွာရှိနေသည့် ဖိအားများ ကလည်း ရှိနေသောကြောင့် နိုင်ငံရေးဖိအား အရ အာဖဂန်တို့ လွှဲပြောင်းပေး ရမည့်ဘက်က ပိုများသည်။ အကယ်၍ မလွှဲပြောင်းခဲ့ ပါက ပါကစ္စတန်နှင့် အာဖဂန် တင်းမာမှုက ပိုမိုမြင့်မား လာမည် ဖြစ်သည်။

အမေရိကန်တို့ ပါကစ္စတန်တွင် လုံခြုံရေး မည်မျှပေးပေး စစ်ဘက်အရ မည်မျှပင် ပူးပေါင်းဆောင်ရွက် နေပါစေ စစ်သွေးကြွ များကို ကောင်းမွန်သည့် ထိန်းချုပ်မှုမျိုး မလုပ်နိုင်ပေ။ ပါကစ္စတန် သည် အမေရိကန်နှင့် ဗြိတိန်တို့၏ မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှု များကြောင့် နာမည်ကြီးသည့် နိုင်ငံလည်း ဖြစ်သည်။ စစ်သွေးကြွများ သေတာက နည်းနည်း ပြည်သူ သေတာက များများဖြစ် သောကြောင့် ပါကစ္စတန် အစိုးရ၏ ငြိုငြင်မှုကို ခံထားရသည့် အနောက်အုပ်စု၏ စစ်ဆင်ရေးများ ဖြစ်ကာ ထိုပြဿနာ ကြောင့်ပင် ပါကစ္စတန်နှင့် အမေရိကန် တို့၏ ဆက်ဆံရေးမှာ အေးခဲလာခြင်း ဖြစ်သည်။

ယခုတော့ လုံခြုံရေးကိစ္စ များတွင် ပါကစ္စတန်က အမေရိကန် အစား တရုတ်နှင့် ပူးပေါင်းမှုများကို မြှင့်တင်နေသည်။ စီးပွားရေး အရ တရုတ်နှင့် ဘီလီယံ ဆယ်နှင့်ချီ စီမံကိန်းများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေကာ အမေရိကန်တို့၏ လွှမ်းမိုးမှုကို လျှော့ချပြီး တရုတ်ဘက်ကို ကပ်နေခြင်း ဖြစ်သည်။ ပါကစ္စတန် အစိုးရက ၄င်း သဘောအတိုင်း ၄င်း၏ နိုင်ငံရေးကို ကိုင်တွယ်ချင်သည်။ သို့သော်လည်း အမေရိကန်၏ (၉/၁၁) အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် အရှေ့ အလယ်ပိုင်း စစ်ဆင်ရေး များတွင် အမေရိကန်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို မထီမဲ့မြင် ပြုလာခဲ့သည်။ အစိုးရကို ဖိအားပေးပြီး ၄င်းတို့လုပ်ချင် တာကို လုပ်သကဲ့သို့ မသိအောင်လည်း ပြုလုပ်သည့် စစ်ဆင်ရေးများက အများအပြား ရှိသည်။ မောင်းသူမဲ့ လေယာဉ် စစ်ဆင်ရေး များတွင် ပြည်သူသေဆုံးမှု များသောကြောင့် အမေရိကန် အစိုးရကို ပါကစ္စတန် အစိုးရက တရားဝင် နိုင်ငံတကာ မီဒီယာများရှေ့တွင် ကန့်ကွက်ရှုတ်ချ မှုများ ပြုလုပ်ဖူးသည်။

ထိုပြဿနာများကို အစပြု၍ ပါကစ္စတန် နှင့် အမေရိကန် ဝေးကွာမှုက စတင်ခဲ့ကာ အိုစမာဘင်လာဒင် အရေးကို အမေရိကန် တို့က ပါကစ္စတန် အစိုးရကို အသိမပေးဘဲ ထပ်မံကိုင်တွယ် လိုက်သောအခါ နှစ်နိုင်ငံ ဆက်ဆံရေးက အဆိုးရွားဆုံး ဖြစ်သွားပြီး ယခုတော့ ပါကစ္စတန်သည် တရုတ်စစ်ဘက် နောက်ခံနှင့် ၄င်းနိုင်ငံကို ၄င်း၏သဘော အတိုင်း ကိုင်တွယ်နိုင်ရန် လမ်းကြောင်းခင်း နေသည်။

အမေရိကန် ကိုတော့ သူမလိုတော့သည့် အချိန်တွင် အပြီးအပိုင် ကန်ထုတ်နိုင်ရန် ပါကစ္စတန်တို့က ထည့်သွင်း စဉ်းစားထားပြီး ဖြစ်သည်။ ယခုဆိုလျှင် ကိုယ်ပိုင် လုံခြုံရေးကိုပင် အာဖဂန်ထက် အဆပေါင်း များစွာ ပါကစ္စတန်တို့ ကာကွယ်ထား နိုင်ပြီး စွမ်းဆောင်ရည်ပိုင်း တွင်လည်း ပါကစ္စတန် စစ်ဘက်သည် ကမ္ဘာပေါ်တွင် နေရာ တစ်နေရာ ရနေပြီဖြစ်သည်။

ယခု အကြမ်းဖက် နှိမ်နင်းရေးများကို ကိုယ်ပိုင်ဗျူဟာဖြင့် ပါကစ္စတန် စစ်ဘက်က လွတ်လပ်စွာ ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပြီး အောင်မြင်သည့် အကြမ်းဖက် စစ်ဆင်ရေး များအဖြစ် နာမည်ရ နေပြန်သည်။ နောက်ထပ်လည်း ပါကစ္စတန် အစိုးရသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထပ်မံလုပ်ဆောင် ဦးမည်ဖြစ်ပြီး ဆီးရီးယားမှ နယ်မြေသစ် ပြောင်းရွှေ့လာမည်ဟု နာမည်ကြီး နေသည့် ISIS တို့ကို အဓိကထား တိုက်ဖျက် နေရခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...