Social Icons

Pages

Sunday, February 12, 2017

ဥမကွဲသိုက်မပျက် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်း


ဥမကွဲသိုက်မပျက် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်း

ယနေ့ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ ပြည်ထောင်စု တစ်ဝန်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ မြို့နယ်အသီးသီး တို့တွင် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်နှင့်အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပနေကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ နှစ်(၇ဝ) မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များမှာ ပြည်ထောင်စု စိတ်ဓာတ်နိုးကြား ရှင်သန်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေး တို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ် ကြည့်လျှင် ရှေးဘိုးဘွားဘီဘင် လက်ထက်မှစပြီး အမိမြေပေါ်တွင် နှစ်ပေါင်းထောင် နှင့်ချီ၍ အခြေချလျက် ကိုယ့်ထီးကိုယ့် နန်းဖြင့် ကမ္ဘာ့အလယ် ဝင့်ထည်စွာ နေထိုင်ရပ်တည် ခဲ့ကြသည်။ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝပြီး ဂုဏ်ယူဖွယ်ရာ ကိုယ်ပိုင် ယဉ်ကျေးမှု ထွန်းကားသည့် မြန်မာနိုင်ငံ သည် ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးကာ ကိုလိုနီ လက်အောက်ခံဘဝ ကျရောက်ခဲ့ရသည်။ ကိုလိုနီလက်အောက် ကျရောက်ခဲ့ရသည့် ကာလများတွင် မြေပေါ်မြေအောက် သယံဇာတများ ဆုံးရှုံးခဲ့ရသည်။ အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုများ မှေးမှိန်သွားစေရန် ဖိနှိပ်ချုပ်ချယ်ခံ ရသည်။ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲ အုပ်ချုပ်ခြင်းနှင့် ဗျူရိုကရေစီ ယန္တရားအတွက်သာ အထောက်အကူ ပြုသော အုပ်ချုပ်ရေးစနစ် တို့ဖြင့် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။

တိုင်းရင်းသား ပြည်သူအပေါင်း တို့သည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တို့ဖြင့် ရရာလက်နက်ကိုင် စွဲပြီး မျိုးချစ်တပ်မတော် နှင့်လက်တွဲ၍ ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တွန်းလှန်တိုက်ထုတ် ခဲ့ကြသည်။ ဖက်ဆစ် တော်လှန်ရေး အပြီးတွင် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ကိုလိုနီကျွန်ပြုရန် ပြန်ရောက်လာသော ဗြိတိသျှ တို့သည် စက္ကူဖြူ စီမံကိန်းဖြင့် ကျွန်သက်ရှည်အောင် ကြိုးစားကြ သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပြည်ထောင်စုဖွား တိုင်းရင်းသား တို့၏ ခိုင်မာသော ပြည်ထောင်စု စိတ်ဓာတ်၊ သွေးစည်း ညီညွတ်သော အမျိုးသားရေး စိတ်ဓာတ် ထက်သန်မှု တို့ကြောင့် ပြည်မ နှင့်ပြည်နယ်၊ မြေပြန့်နှင့် တောင်ပေါ် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေး ရယူကြရန် သဘောတူညီချက် သမိုင်းဝင် ပင်လုံစာချုပ်ကြီး ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၇ဝ) ပြည့်ပြီဖြစ်သည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား ခေါင်းဆောင်များ၏ သွေးစည်း ညီညွတ်သော စိတ်ဓာတ် ထက်သန်မှုဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်ခဲ့ကြခြင်း ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိ ခဲ့သော်လည်း လွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူ တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ခရီးဆုံးပန်းတိုင် မဟုတ်ဘဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးသို့ ရောက်စေမည့် လမ်းကြောင်းသာ ဖြစ်သည်ဆိုသည့် အတိုင်း နိုင်ငံတော် တည်ဆောက်ရေး တာဝန်ကို ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ 

ယနေ့ကာလ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အရ ဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက် နေသကဲ့သို့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွင် လည်း ဈေးကွက်စီးပွားရေး စနစ်ဖြစ်ထွန်း ရှင်သန်အောင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ လက်တွဲကြိုးပမ်း နေကြသည်။ တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဈေးကွက် စီးပွားရေးစနစ် ဖြစ်ထွန်းရှင်သန်ရေး တို့ကို ကြိုးပမ်းနေစဉ်မှာပင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေးကို နိုင်ငံတော်အစိုးရက ကြိုးပမ်းလျက် ရှိသည်။

ပြည်ထောင်စု တိုင်းရင်းသား ပြည်သူအပေါင်း တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှင့် လူမှုရေးကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရန် အဓိက လိုအပ်သည်မှာ တည်ငြိမ် အေးချမ်းမှုရှိရေးပင် ဖြစ်ကြောင်း မျက်မှောက်ကာလ ပြည်တွင်း၊ ပြည်ပ ဖြစ်စဉ်များတွင် အထင်အရှားတွေ့မြင် နေကြရသည် ဖြစ်ရာ ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူ အားလုံးတို့ အနေဖြင့် ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲသိုက်မပျက် အေးအတူပူအမျှ အတူတကွ နေထိုင်ကြသည့် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်း ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...