Social Icons

Pages

Monday, January 9, 2017

သီရိလင်္ကာမှာ ရာချီတဲ့ပြည်သူတွေ တရုတ်စီမံကိန်းကို ဘာကြောင့် ဆန္ဒပြနေရတာလဲ


Chinese President Xi Jinping and President Mahinda Rajapaksa launch the I phase 
of the Colombo Port City Project


( ရှိန်းထက် )

တရုတ်သည် ကျဆင်းလာသည့် ၄င်း၏ စီးပွားရေးကို အရှိန်မြှင့်တင်ရန် ၂ဝ၁၄ ခုနှစ်မှစ၍ နှစ်ရှည် စီမံကိန်းများ ရေးဆွဲပြီး ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မြှင့် လျက်ရှိသည်။ အာဖရိကနှင့် အာရှ၌ သာမက ဥရောပအထိပင် အရောက်လှမ်း နေသည့် တရုတ်တို့၏ ခြေလှမ်းများသည် ၂ဝ၂ဝ ပြည့်လွန်နှစ် များတွင် အမေရိကန်အား ကျော်တက်မည် ဆိုသည့် သုတေသီများ၏ ခန့်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ရည်မှန်းချက် ထား၍ လုပ်ဆောင် နေခြင်းလည်း ဖြစ်သည်။

သို့သော် တရုတ်တို့ အဓိကပို့ကုန် တန်ဖိုး ကျဆင်းလာခြင်း နှင့်အတူ စီးပွားရေး တိုးတက်မှု ၇ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိသွားပြီး မတည်မငြိမ် ဖြစ်နေသည်။ ထို့ကြောင့် ပို့ကုန်တန်ဖိုး တိုးမြှင့်နိုင်ရန် အဓိကထား
ဆောင်ရွက်နေပြီး ကုန်သွယ်ရေး အတွက် အဓိကကျသည့် ဆိပ်ကမ်းများနှင့် ၄င်းတို့၏ ကိုယ်ပိုင် စက်မှုဇုန် စီမံကိန်းများကို နိုင်ငံရပ်ခြား၌ပင် သွားရောက် ဖွင့်လှစ်လျက် ရှိသည်။

မကြာမီက တရုတ်၏ ဥရောပသို့ ၁၅ နိုင်ငံမြောက် ကုန်သွယ်ရေး ရထားလမ်း ဆက်သွယ်သည့် အနေဖြင့် ဗြိတိန်သို့ပင် တရုတ်၏ ကုန်သွယ်ရေး ရောက်ခဲ့ပြီး ယခုအခါ ဖွံ့ဖြိုးဆဲ အရှေ့တောင် အာရှနိုင်ငံများ၌ ဈေးသက်သက် သာသာဖြင့် မြေငှား၍ စက်မှုဇုန် စီမံကိန်းများကို အကောင်အထည် ဖော် နေပြန်သည်။ အရှေ့တောင်အာရှ နိုင်ငံများသည် တရုတ်၏ စီးပွားရေးနှင့် မကင်းသည့် နိုင်ငံများဖြစ်ပြီး တရုတ်၏ စီးပွားရေး သြဇာလွှမ်းမိုး ခံထားရသော နိုင်ငံများ ဖြစ်သည်။

အဆိုပါနိုင်ငံများ၏ အစိုးရဘက် ပိုင်းက တရုတ်၏ ဆွဲဆောင်မှု ကောင်းသော မက်လုံးများနှင့် ဖိအားများကြောင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ချပေးခဲ့သော်လည်း တကယ်တမ်း လက်တွေ့ အမြတ်အများဆုံး ခံစားရသည်က တရုတ်အစိုးရသာ ဖြစ်သည်။ စက်မှုဇုန် စီမံကိန်း တစ်ခု ပေါ်ပေါက်လာလျှင် နိုင်ငံဖွံ့ဖြိုးရေး အတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်သော်လည်း ထိုစီမံကိန်းများ၌ တရုတ်တို့က ရှယ်ယာ အများဆုံးကို ယူထားလေ့ ရှိသည်။ ထို့ကြောင့် အကျိုးတူ ပူးပေါင်းသည့် စီမံကိန်း ဆိုသော်လည်း တရုတ်တို့လောက် ဒေသခံနိုင်ငံက အကျိုးခံစား ရလေ့မရှိပေ။

ထိုကြားထဲ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်သော တရုတ်တို့၏ စီမံကိန်းများကြောင့် ဆိုးကျိုး သက်ရောက်မှုကို ခံစားရသူသည် ဒေသခံနိုင်ငံမှ ပြည်သူများသာ ဖြစ်သည်။ တရုတ်ကုမ္ပဏီ များ၏ သဘာဝ ပတ်ဝန်းကျင် အပေါ် အလေးမထားမှုမှာ နာမည်ကြီး သော်လည်း ၄င်းနိုင်ငံအတွင်း ၌မူ အစိမ်းရောင် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဖော်ဆောင်လျက် ရှိသည်။

အာဖရိကဆိုလျှင် တရုတ်၏ အကြွေးနွံထဲက ရုန်းထွက်မရ နိုင်လောက်အောင် ဖြစ်နေပြီး တရုတ်၏ စီမံကိန်းများ လက်ညှိုးထိုးမလွဲ ရှိနေသည့်နေရာ ဖြစ်သည်။ အခြေခံ အဆောက်အအုံ ကဏ္ဍဖွံ့ဖြိုး မှသာ နိုင်ငံဖွံ့ဖြိုးမည် ဟူသော အခြေခံ သဘောတရား ကြောင့် တရုတ်တို့က ထိုနိုင်ငံများ၌ အခြေခံ အဆောက်အအုံ များကို အကြွေးစနစ်ဖြင့် ဆောက်လုပ်ပေးသည်။ တရုတ်တို့ ဆောက်လုပ်ပေးသည့် သယ်ယူ ပို့ဆောင်ရေး လမ်းပိုင်းနှင့် ဆိပ်ကမ်းတို့သည် ၄င်းတို့၏စီးပွားရေး အတွက် ခံစားခွင့်ကို ဦးစွာကြည့်ပြီးမှ ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

တခြားနိုင်ငံများ၌ ၄င်းတို့၏ ကုမ္ပဏီရှိလျှင် သူ့နိုင်ငံကို သယ်ယူရန် သို့မဟုတ် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် သယ်ယူ ပို့ဆောင်ရေးသည် တရုတ်တို့၏ အဓိကအကျဆုံး အရေးပါမှု ဖြစ်သည်။ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ နှောင့်နှေးလျှင် ၄င်းတို့အတွက် အမြတ်က တွက်ခြေကိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ကဏ္ဍကို တရုတ်တို့က ၄င်းတို့စီမံကိန်း လုပ်မည့်နိုင်ငံကို အကြွေးစနစ်ဖြင့် ဦးစွာ ဆောက်လုပ် ပေးခြင်း ဖြစ်သည်။

ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော် သည့် တရုတ်တို့၏ စီးပွားရေး မဟာဗျူဟာ ဖြစ်သည်။ ယခုလည်း အရှေ့တောင် အာရှနိုင်ငံ များ၌ တရုတ်တို့သည် ဆိပ်ကမ်း စီမံကိန်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လမ်းပိုင်း စီမံကိန်းများကို တိုးမြှင့် လုပ်ဆောင် နေသည်။ ၂ဝ၁၆ ခုနှစ်ကပင် လာအိုရထား လမ်းပိုင်းအတွက် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီကာ တရုတ်အစိုးရက ချေးငွေဖြင့် ဆောက်လုပ်ပေးသည်။

လာအိုရှိ ၄င်းတို့၏ ကုမ္ပဏီများနှင့် စီမံကိန်းများ၏ အကျိုးအမြတ်က ထိုလမ်းပိုင်း ပေါ်၌ အစိတ်အပိုင်း တစ်ခုအနေဖြင့် မှီခိုနေသော ကြောင့် ဖြစ်သည်။ ထို့နောက် ကမ္ဘာဒီးယား၊ ယခုတော့ သီရိလင်္ကာ ဖြစ်နေသည်။ တရုတ်ကုမ္ပဏီ များကို ဆန္ဒပြမှုနှင့် တရုတ် အစိုးရကို ဆန္ဒပြမှုသည် အရှေ့တောင် အာရှနိုင်ငံ များနှင့် မစိမ်းတော့ဘဲ နှစ်စဉ်လိုလို ကြားနေရသည်။

ယခု သီရိလင်္ကာ၌ ယခင်အစိုးရ လက်ထက်က စီမံကိန်းကို အကောင်အထည် ဖော်ပြီး ယခုအစိုးရ လက်ထက် စီမံကိန်း တစ်ခုကို ထပ်မံလုပ်ဆောင် လိုသောကြောင့် ဒေသခံများနှင့် တရုတ် ကုမ္ပဏီများ ပြဿနာ တက်နေသည်။ ရာချီသည့် သီရိလင်္ကာ ပြည်သူများကလည်း ဆန္ဒပြနေကြသည်။ ဟန်ဘန်တိုတာမြို့ ဆိပ်ကမ်းသည် ယခင်အစိုးရ လက်ထက်က သဘော တူညီမှုဖြင့် ကုန်သွယ်ရေး တိုးမြှင့်ရန် တရုတ်တို့ ဆောက်လုပ်ခဲ့သော စီမံကိန်း ဖြစ်သည်။ 

ယခု ယင်းဆိပ်ကမ်း တွင် တရုတ်တို့က နောက်ထပ် စက်မှုဇုန် တစ်ခု ထပ်ဆောက် နေပြန်သည်။ စီမံကိန်းအတွက် မြေဧက တစ်သောင်းခွဲခန့်ကို တရုတ်တို့က နှစ်ရှည် စီမံကိန်းဖြင့် ငှားရမ်းပြီး ဆောက်လုပ်ခြင်း ဖြစ်သည်။

ထိုစက်မှုဇုန် ဖွင့်ပွဲကို သီရိလင်္ကာ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးပြီး တရုတ်တို့အတွက် တွက်ခြေကိုက် လွန်းလှသည်။ ဆိပ်ကမ်းလည်း ရှိသည်၊ စက်မှုဇုန်လည်း ရှိသည်၊ စက်မှုဇုန်ထွက် ပစ္စည်းများကို သယ်ယူ ပို့ဆောင်ရန် အပိုစရိတ်လည်း မထောင်းတော့ပေ။ ထို့ပြင် ယင်း စက်မှုဇုန်က အကျိုးတူ ဖက်စပ်စီမံကိန်း လည်းမဟုတ်ပေ။ ၉၉ နှစ်ကြာ မြေငှားစာချုပ်ဖြင့် ငှားရမ်းသည့် တရုတ်ပိုင် စက်မှုဇုန် ဖြစ်သည်။

ထို့ကြောင့် ဟန်ဘန်တိုတာမြို့ သည် စာချုပ်သက်တမ်း မကုန်မချင်း တရုတ်ပိုင် မြို့တစ်မြို့ အနေဖြင့် အလားသဏ္ဌာန်တူ သွားတော့မည် ဖြစ်သည်။ သီရိလင်္ကာ ပြည်သူ များကလည်း တရုတ်တို့က ထိုဒေသကို တရုတ်ကိုလိုနီ အဖြစ် ပြောင်းလဲချင် နေသည် ဟုစွပ်စွဲသည်။ ထို့ကြောင့် ဆန္ဒပြ ကြသည်။ နေစရာကို သီရိလင်္ကာ အစိုးရက အစားထိုး ပေးမည် ဆိုသော်လည်း စီးပွားရေးအရ ဖယ်ရှားခံရသည့် ပြည်သူများ နာလန်ပြန်ထူရန် အချိန် အတော်ကြာ ရုန်းကန် ရဦးမည်မှာ သေချာသည်။

သို့သော် ဆန္ဒပြသူများမှာ သီရိလင်္ကာ အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုကို ခံရသည်။ မျက်ရည်ယိုဗုံး များဖြင့်ပစ်သည်။ မီးသတ်ပိုက်များ အသုံးပြုပြီး လူခွဲသည်။ လူ ၅ဝ ကျော်ဖမ်းဆီးပြီး တရားစွဲသည်။ နောက်ထပ်လည်း သံသယရှိသူ များကို လိုက်ဖမ်းနေပြီး သီရိလင်္ကာ အစိုးရက ၄င်း၏ပြည်သူ များကို တရုတ်တို့အား နောက်ထပ် ဆန္ဒမပြရန် တင်းကျပ်သည့် ကိုင်တွယ်နည်း များဖြင့် ကိုင်တွယ်ဖြေရှင်း နေသည်။

တင်းကျပ်သည့် ကိုင်တွယ် ဖြေရှင်းမှုများကြောင့် သီရိလင်္ကာ ရဲများနှင့် ပြည်သူများ ပဋိပက္ခဖြစ်သည်။ ဘုန်းတော်ကြီးများ အပါအဝင် လူအများအပြား ဒဏ်ရာရသည်။ သီရိလင်္ကာ အစိုးရအတွက် မြေငှားစာချုပ်မှ ရသည့်ငွေသည် နိုင်ငံတော် ဘဏ္ဍာအတွက် အထောက်အပံ့ ဖြစ်သော်လည်း ထိုနေရာမှ ပြောင်းရွှေ့ရသည့် ပြည်သူများကို နေစရာပေးရမှု၊ ယခင်အတိုင်း အလုပ်အကိုင် ဖန်တီးပေးရမှု စသည်ဖြင့် စားဝတ်နေရေး နှင့် စီးပွားရေး အဆင်ပြေ စေရေးအတွက် ပြန်လည် ဖန်တီးပေးရမှု တို့မှာ တရုတ်တို့ ထို ၉၉ နှစ်တာ ရသည့်အမြတ် နှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန် နည်းပါးမည် ဖြစ်သည်။

သို့သော် အစိုးရအာဏာ နှင့် စီမံကိန်းသည် သီရိလင်္ကာ ပြည်သူတို့ အတွက် ပြန်ပြင်၍မရပေ။ ထို့ပြင် သီရိလင်္ကာနိုင်ငံ သည် လူ့အခွင့်အရေး ကောင်းမွန်သော ဒီမိုကရေစီစနစ် မထွန်းကားသည့် နိုင်ငံဖြစ် သောကြောင့် အစိုးရ စီမံကိန်းကို တားဆီး၍ ရမည်မဟုတ်ပေ။

တရုတ်စီမံကိန်းက နောက်ဆုံး အကောင်အထည် ပေါ်သွားမည်ဖြစ်သည်။ သို့သော် တရုတ်တို့၏ စီးပွားရေး ကိုလိုနီနယ်ချဲ့ ခြင်းက တခြားနိုင်ငံမှ ပြည်သူများ အတွက် ကြာရှည်သည့် ရုန်းကန်မှုများ ဖြစ်စေနိုင်သည်။ သို့သော် တရုတ်တို့က ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ယခုအချိန်မှစ၍ ဖွံ့ဖြိုးဆဲ သီရိလင်္ကာနိုင်ငံ ရှိ ဒေသခံ ပြည်သူတို့ ထိုရုန်းကန်ရသည့် ဒုက္ခကို ခံစားရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...