Social Icons

Pages

Tuesday, December 13, 2016

မြစ်သားမြို့နယ်ရှိ ဖိုးအင်သဘာဝလှိုဏ်ဂူအား လာရောက် လည်ပတ်သူများပြား စေရန်နှင့် ဖွံ့ဖြိုးစေရန် လုပ်ဆောင်ပေးစေလို




မြစ်သား ၊ ၁၃-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်၊ ဖိုးအင်ကျေးရွာ အနီးတွင်ရှိသော ဖိုးအင် သဘာဝလှိုဏ်ဂူ အား သိရှိသူ နည်းပါးပြီး လာရောက် လည်ပတ်သူ များပြား စည်ကားရန်နှင့် သဘာဝအတိုင်း ဆက်လက် တည်ရှိစေရန် သက်ဆိုင်ရာ အစိုးရအနေဖြင့် လုပ်ဆောင်ပေး စေလိုကြောင်း ဖိုးအင်ရွာ ဦးကျောင်း ဆရာတော် ဦးတေဇ က မိန့်သည်။ 

အဆိုပါ ဖိုးအင်လှိုဏ်ဂူ သည် ရှေးယခင်က ဂျပန်စစ်ဘေးရှောင် ရာတွင် ခိုလှုံရသည့် နေရာတစ်ခုဖြစ်ပြီး လူသူ အရောက်အပေါက် နည်းကာ လှိုဏ်ဂူအတွင်းရှိ ကျောက်ခတ် ပန်းဆွဲများ၊ ကျောက်မှိုများ၊ သဘာဝအလှ များကို ဖိုးအင်ကျေးရွာမှ ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရသည်။

"လှိုဏ်ဂူကို လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က ဂျာမနီတွေ လာလေ့လာတယ်။ ဂူက အရမ်းနက်တော့ ဒေသခံတွေ အောက်ထိ မလိုက်ရဲဘူး။ သူတို့ကြိုးတွေနဲ့ ဆင်းပြီး လေ့လာကြတာ။ လှိုဏ်ဂူကြီးကို အလှတရားတွေ မပျက်စီး စေဖို့ ကျေးရွာက လူတွေကို မှာထားပါတယ် "ဟု ဆရာတော် ကမိန့်သည်။

ယင်း လှိုဏ်ဂူသည် ပြင်ပမှကြည့်လျှင် မသိနိုင်ဘဲ အနီးကပ်မှသာ လူအဝင်ပေါက်ကို တွေ့ရှိရမည် ဖြစ်ပြီး အဝင်ပေါက်မှာ လူတစ်ကိုယ်စာသာ ရှိကာ အထဲသို့ ရောက်သည့် အခါတွင်လည်း သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်တန်းများ၊ ဆင်၊ ငှက်စသည့် တိရစ္ဆာန် ပုံသဏ္ဍာန် ဖြစ်ပေါ်နေသော ကျောက်တန်းများနှင့် သဘာဝ စိမ့်စမ်းရေ များဖြင့် အလွန်သာယာ လှပပြီး လူသူ အရောက်အပေါက် နည်းပါးကြောင်း သိရသည်။

"ဂူပေါက်ကြီးနေရာ အထိတော့ ထင်းခုတ်ရင် ရောက်ဖြစ်တယ်။ အတွင်းထဲ အထိတော့ မဝင်ဖြစ်ဘူး။ လေ့လာရေး လာတဲ့သူတွေ ရှိမှ ဂူထဲ ရောက်ဖြစ်တာ။ ရှေးလူကြီးတွေ ပြောခဲ့လို့ အရင်က ဂျပန်တွေလာရင် မြန်မာတွေ ခိုအောင်းရတဲ့ နေရာလို့တော့ သိတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းကမှ ဂူပေါက်မှာ ပိတ်နေတဲ့ ချုံနွယ်တွေကို ရှင်းလင်း လိုက်တာ ဂူမှာ လမ်းကြောင်းတွေ ကအများကြီး၊ တခြား လမ်းကြောင်း တွေကို အခုမဝင်ရဲဘူး "ဟု ဖိုးအင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖိုးအင်ကျေးရွာ တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ရွာငံဒေသနှင့် နီးသောကြောင့် ရှမ်းဓလေ့ ပုံစံဖြင့် နေထိုင် ကြပြီး စပါး၊ ပဲမျိုးစုံကို အဓိကစိုက်ပျိုး လုပ်ကိုင်ကြကာ လယ်ယာများတွင် ဆေးဖျန်းခြင်း၊ ဓာတ်မြေသြဇာ အသုံးပြု ခြင်းမရှိဘဲ ၎င်းလှိုဏ်ဂူအတွင်းရှိ ငှက်ချေးဂူမှ ရှိသည့် ငှက်ချေးဖြင့်သာ စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် ယင်းလှိုဏ်ဂူသို့ တက္ကသိုလ်များမှ ကျောင်းသားများ လာရောက် လေ့လာကြပြီး နယ်ဝေးမှ လာရောက် လည်ပတ်သူ များလည်းရှိကာ ဒေသခံများအနေဖြင့် ယင်းလှိုဏ်ဂူကို အခြားနာမည်ကြီး ဂူများကဲ့သို့ ထင်ရှားပြီး ဖွံ့ဖြိုး စေလိုကြောင်း သိရသည်။

ကျေးရွာမှာလည်း တောင်သူ လက်လုပ်လက်စား အများစုသာ နေထိုင်ကြသဖြင့် လှိုဏ်ဂူ သာယာလှပ ဖွံ့ဖြိုးစေရေး လုပ်ဆောင်ရန် အခက်အခဲရှိပြီး ထောက်ပံ့ကူညီ ပေးမည့်သူအား မျော်လင့်လျှက် ရှိကာ သဘာဝအတိုင်း ထိန်းသိမ်း စောင့်ရှောက် စေလိုကြောင်း ကျေးရွာသားများ ထံမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...