Social Icons

Pages

Friday, December 23, 2016

ကျန်းမာရေး စိုးရိမ်ရေမှတ်အဆင့်ထက် ၁၀ ဆကျော်လွန်နေသည့် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှု


ကျန်းမာရေး စိုးရိမ်ရေမှတ်အဆင့်ထက် ၁၀ ဆကျော်လွန်နေသည့်
 တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှု

( ရှိန်းထက် )

တရုတ်အစိုးရ သည် ၁၉၇၈ ခုနှစ်တွင်  စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် နိုင်ငံဖွံ့ဖြိုးရေး အတွက် အခြေခံ အဆောက်အအုံ များကို လျင်မြန်စွာ တည်ဆောက် ခဲ့သည်။ ထိုအချိန်တွင် တရုတ်တို့၏ ခေါင်းထဲ၌ စီးပွားရေး တစ်ခုတည်း သာ ရှိသည်။ ထိုစီးပွားရေး ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို မည်မျှ ထိခိုက်မည်၊ လူမည်မျှ သေဆုံးမည် စသည်တို့ကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ နိုင်ငံအတွက် အရေးကြီးသည့် လျှပ်စစ်ကဏ္ဍ အတွက် ကျောက်မီးသွေး စက်ရုံများကို နိုင်ငံအနှံ့ တည်ဆောက် ခဲ့သည်။

ထို့ကြောင့် တရုတ်တို့ စီးပွားရေး တိုးတက်မှု မြန်ဆန်ပြီး အချိန်တို အတွင်းမှာပင် ကမ္ဘာ့ စီးပွားရေးနံပါတ် (၂) အဆင့်ကို ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် ထိုတိုးတက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ယခု တရုတ်နိုင်ငံ၌ ကမ္ဘာ့ပထမဆုံး လေထု ညစ်ညမ်းမှု များကို ခံစားနေရပြီ ဖြစ်သည်။

ကမ္ဘာပေါ်၌ လေထု အညစ်ညမ်းဆုံး နိုင်ငံများအနက် တရုတ်နိုင်ငံသည် ထိပ်ဆုံးက ပါဝင်နေသည်။ တရုတ်နိုင်ငံသည် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံးနိုင်ငံ ဖြစ်နေသည်။ တရုတ်တို့ ကာဗွန် ထုတ်လွှတ်သည့် အညွှန်းကိန်း သည် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ထုတ်လွှတ်သည့် အချိုးအဆ ထက်ပင် များစွာ ကျော်လွန်နေ သေးသည်။

ကာဗွန် ထုတ်လွှတ်မှု၏ အဓိက တရားခံမှာ ကျောက်မီးသွေး စက်ရုံများ ဖြစ်သည်။ ကျောက်မီးသွေး စက်ရုံများသည် တရုတ် စီးပွားရေး ကို တိုးတက်အောင် ပြုလုပ်ပေး သော်လည်း ထိုစက်ရုံများက ယခုသက်ရှိ များကို ပြန်သတ်နေသည်။ ကမ္ဘာပေါ်၌ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ငါးသန်းကျော် သေဆုံး နေရသည်။ ထိုအထဲမှ ၇၅ ရာခိုင်နှုန်းသည် အာရှနိုင်ငံများမှ ဖြစ်သည်။ ထိုသေဆုံးမှုများ အနက် ထက်ဝက်ကျော် မှာ တရုတ်နိုင်ငံမှ ဖြစ်နေသည်။ ယခု တရုတ်နိုင်ငံ မြောက်ပိုင်း၌ အကြီးကျယ်ဆုံး လေထု ညစ်ညမ်းမှု ဖြစ်ပေါ်လျက် ရှိသည်။ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်း အပါအဝင် နိုင်ငံမြောက်ပိုင်းရှိ ၂၄ မြို့သည် ကမ္ဘာ့ ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် ကျန်းမာရေး စိုးရိမ်ရေမှတ် အဆင့်ထက် ၁ဝ ဆကျော်လွန် နေသည်။

အနီရောင်ဟူသည့် အမြင့်ဆုံးအဆင့် ကို သတ်မှတ်ပေးထား ရပြီး တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက ပြင်းထန်သည့် လေထု ညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း ဝန်ခံထားသည်။ ထို့ကြောင့် လေကြောင်းလိုင်းများ နှင့် ကျောင်းများကို ပိတ်ထားရပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသည်။ တရုတ်အစိုးရက လေထုညစ်ညမ်းမှု ကို လျှော့ချမည်ဟု နှစ်စဉ်ကတိပေး သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် အားနည်းလှသည်။ ၂ဝ၁၅ ခုနှစ် က ပဲရစ်၌ ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုညီလာခံ COP 21 တွင်လည်း ပါဝင် လက်မှတ်ရေးထိုး ထားသကဲ့သို့ ထိုဥပဒေကြမ်း ကိုလည်း အတည်ပြု လက်မှတ်ရေးထိုး ထားသည်။

ယခု တရုတ်အစိုးရက အရည်အသွေး မမီတော့သည့် ကျောက်မီးသွေး စက်ရုံ အသေးစားများကို ပိတ်ပစ်နေပြီး ထိုသို့ပိတ် နေစဉ်မှာပင် ကျောက်မီးသွေး စက်ရုံအသစ် များကို ထပ်မံတည်ဆောက် နေပြန်သည်။ ထို
ကျောက်မီးသွေး စက်ရုံများ ပိတ်ပစ်လိုက် ခြင်းကြောင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုများနှင့် လည်း တရုတ်အစိုးရ တွေ့ကြုံနေရသည်။ ထို့ကြောင့် တစ်ကျော့ပြန်လည် ဆောက်လုပ်နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် စွမ်းအင်ကဏ္ဍ အတွက် ကျောက်မီးသွေး အပေါ် မှီခိုနေရမှု ၇၅ ရာခိုင်နှုန်းအထိ ရှိသောကြောင့် ထိုစက်ရုံများကို ပိတ်ပစ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ပိတ်ပစ်မည့် စက်ရုံများမှ ထွက်သည့် စွမ်းအင်နှင့်တူညီသော အချိုးအဆကို တစ်ဖက်က ရရှိနိုင်မှသာ ထိုကျောက်မီးသွေး စက်ရုံများကို ပိတ်ပစ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယခု တရုတ်အစိုးရ သည် ကမ်းနီးကမ်းဝေး လေစွမ်းအင် တာဘိုင်များကို တည်ဆောက်နေပြီး တစ်နာရီတိုင်းတွင် လေတာဘိုင်တစ်ခုနှုန်း တည်ဆောက်သည့် နိုင်ငံအဖြစ် စံချိန်ချိုးခဲ့သည်။ သို့သော် တရုတ်၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍသည် ရာခိုင်နှုန်း ဆယ်ဂဏန်းပင် မပြည့်သေးပေ။ အမေရိကန်က ကမ္ဘာတွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍကို အသုံးချနိုင်ဆုံး နိုင်ငံအဖြစ် ၁၃ ဒသမ ၄၄ ရာခိုင်နှုန်း ဖြင့် ပထမနေရာကိုယူထားပြီး လက်ရှိတွင် လည်း ထိုကဏ္ဍ လျင်မြန်စွာ တိုးတက်ရေးအတွက် အကောင်အထည် ဖော်နေသည်။

ထို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍကို အကောင်အထည် ဖော်နေစဉ်မှာပင် တစ်ဖက်ကလည်း ကာဗွန် လျှော့ချရေးအတွက် နောက်ထပ်မည်သည့် နည်းလမ်းများဖြင့် စွမ်းအင်ထုတ်လုပ် နိုင်မည်ကို အမေရိကန် တို့ လေ့လာခဲ့ကြသည်။ ယခု အမေရိကန်၌ LNG ဟုခေါ်သော သဘာဝဓာတ်ငွေ့ များကို ထုတ်လွှတ်နေပြီး ကျောက်မီးသွေးထက် ကာဗွန် ထုတ်လွှတ်မှုကို အဆပေါင်းများစွာ လျှော့ချပေးနိုင်သည့် စွမ်းအင် အမျိုးအစားဖြစ်သည်။

နျူကလီးယား ဓာတ်ငွေ့စက်ရုံမှ ထွက်သည့် ကာဗွန်သည် စွမ်းအင်ကဏ္ဍတွင် အနည်းဆုံးဖြစ်ပြီး ယခု LNG မှထွက်သည့် ကာဗွန်သည် နျူကလီးယား စွမ်းအင်ကဏ္ဍပြီးလျှင် အနည်းဆုံး ကာဗွန်ကိုထုတ် လွှတ်ပေးနိုင်သည်။ ထိုကဏ္ဍမျိုးကို တရုတ်တို့ သုတေသနများ ပြုလုပ်မှု အားနည်းနေသေးသည်။ တရုတ်တို့ ယခု ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန် စဉ်းစားနေသည့် နည်းလမ်းများမှာ သဘာဝပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍကို အကောင်အထည် ဖော်ခြင်း၊ ဆည်များ ဆောက်လုပ်ပြီး ရေအားလျှပ်စစ် ထုတ်ခြင်း၊ နျူကလီးယား ဓာတ်ပေါင်းဖိုများ ဆောက်လုပ်ပြီး စွမ်းအင်ကဏ္ဍကို မြှင့်တင်ခြင်း စသည့်ကဏ္ဍများသာ ရှိနေသေးသည်။

သို့သော် တရုတ်၌ ရေအားလျှပ်စစ် ထုတ်ယူရေး အတွက် ဆည်ဆောက်ရန် မြစ်ကလည်း မရှိတော့။ ရှိသည့် မြစ်ကလည်း ဆောက်လိုက်လျှင် ကောသွားမည်ကို စိုးရိမ် ရသောကြောင့် မဆောက်ရဲ။ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ မှ လေတာဘိုင် များကလည်း အထိရောက်ဆုံး စွမ်းအင်ကဏ္ဍကို အလျင်အမြန် ထောက်ပံ့ပေး နိုင်ဖို့ မဖြစ်နိုင်ပေ။ နျူကလီးယား ဓာတ်အားပေး ကဏ္ဍကလည်း တရုတ်နိုင်ငံ၌ မတွင်ကျယ်သေး။ ဖွံ့ဖြိုးရန် အားယူနေသည့် အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် တရုတ်သည် လတ်တလော စွမ်းအင်အတွက် ကာဗွန် လျှော့ချမည့် နည်းလမ်းများကို စဉ်းစား လာရသည်။ ထိုအခါ အနီးစပ်ဆုံး အမေရိကန်တို့၏ ကာဗွန် လျှော့ချပေးသည့် သဘာဝ ဓာတ်ငွေ့ LNG ကိုဝယ်ယူရန် စီစဉ်ရတော့သည်။ သဘာဝ ပတ်ဝန်းကျင် အတွက်လည်း လက်မှတ်ထိုး ထားရ၊ ကတိများလည်း ပေးထားရပြီး လက်ရှိပင် မြို့တော် ပေကျင်းက လေထု ညစ်ညမ်းမှုကို ခံနေ ရသောကြောင့် တရုတ် နိုင်ငံသည် အမေရိကန်၏ LNG ကို မဖြစ်မနေ ဝယ်ယူရတော့သည်။

တရုတ်အစိုးရ၏ အားထုတ်မှုတစ်ခု အဖြစ် မြင်တွေ့ရသည့် အပေါင်းလက္ခဏာ ဆောင်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ သို့သော် တရုတ် အစိုးရသည် ကျောက်မီးသွေး စက်ရုံများကို ပိတ်ပြီးမှ အသစ်များ ထပ်မံ ဆောက်လုပ် နေခြင်းသည် လက်မခံနိုင်စရာ ကောင်းနေသည်။ နိုင်ငံတကာ ကလည်း ဝေဖန်နေသော်လည်း တရုတ်အစိုးရက ဝေဖန်မှုများကို ဂရုမစိုက်ပေ။

ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုဆိုသည့် တရုတ်အစိုးရတို့ လက်ကိုင်စွဲ ထားသော မူဝါဒများသည် ရှုပ်ထွေးလွန်း လှသည်။ လက်ခံ၍ မရသည့် အခြေအနေ ဖြစ်နေသည်။ ထင်ရှားသည့် သာဓက တစ်ခုမှာ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသား တစ်ဦးသည် မြို့တော် ပေကျင်း၏ လမ်းမများပေါ်၌ ဖုန်စုပ်စက်ဖြင့် ဖုန်များကို မြို့တစ်ပတ် လိုက်စုပ်ခဲ့သည်။ ထို့နောက် ဖုန်များဖြင့် ပြုလုပ်ထားသည့် အုတ်ခဲတစ်လုံးကို ထုတ်ပြခဲ့သည်။ 

ကြောက်စရာ ကောင်းလောက်သည့် တရုတ်၏ လေထုညစ်ညမ်းမှု ဖြစ်သည်။ လူတိုင်းက လေထုညစ်ညမ်းမှုကို အန္တရာယ်ရှိ သည်ဟု သတိမထားမိကြဘဲ တိတ်တဆိတ် လူသတ်နေသည့် လူသတ်သမား ဖြစ်နေသည် ကိုလည်း မသိကြပေ။

ထို့ကြောင့် ဖွံ့ဖြိုးမှုကို ပြုလုပ်ရင်း သဘာဝ ပတ်ဝန်းကျင် ကိုလည်း ဟန်ချက်ညီညီ ထိန်းသိမ်းသွားမည် ဆိုလျှင် လေထုညစ်ညမ်း မှုကို လျှော့ချနိုင်ပြီး လေထု ညစ်ညမ်းမှု ကြောင့်ဖြစ်သည့် ရောဂါဘယ များကို ရှောင်ရှားနိုင်ကာ လူ့အသက် သန်းပေါင်းများစွာ အပါအဝင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ကိုပါ လျှော့ချနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...