Social Icons

Pages

Tuesday, December 27, 2016

ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံတို့မှ ကော်ဖီကုမ္ပဏီများ ချင်းပြည်နယ် မှ ကော်ဖီများကို ၀ယ်ယူရန် စတင်လုပ်ဆောင်



ရန်ကုန် ၊ ၂၇-၁၂-၂၀၁၆

ဆွစ်ဇာလန်နိုင်ငံမှ Nat's Coffee နှင့် ဗြိတိန်နိုင်ငံမှ PRISMA Coffee ကုမ္ပဏီတို့က ချင်းပြည်နယ်မှ ထွက်ရှိသည့် ကော်ဖီများကို ဝယ်ယူရန် ကနဦးစီမံချက် အနေဖြင့် စတင် လုပ်ဆောင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။

''ဆွစ်ဇာလန်နဲ့ ဗြိတိန်နိုင်ငံ တို့မှ ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ် အဖွဲ့တွေက ချင်းပြည်နယ်က ထွက်တဲ့ ကော်ဖီတွေကို ဝယ်နိုင်ဖို့ ကနဦးစီမံချက် အနေနဲ့စပြီး လုပ်နေကြ တာပါ။ သူတို့လိုချင်တဲ့ အရည်အသွေး ရအောင် ပညာပေး တာတွေ လုပ်နေပါတယ်။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း လုပ်တယ်။ ချင်းပြည်နယ်ရဲ့ ရေမြေရာသီဥတု အရ ထွက်တဲ့ အသီးကိုက အရသာက ကောင်းပြီးသား၊ ကမ္ဘာ့တန်းဝင် ပြီးသားပါ။ တန်းမြင့် ကော်ဖီလည်း ထုတ်လာနိုင်ပါပြီ'' ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့် ကပြောသည်။

အဆိုပါ ကုမ္ပဏီများမှ ကိုယ်စားလှယ် များသည် ချင်းပြည်နယ်မှ ထွက်ရှိသည့် တန်းမြင့် ကော်ဖီများကို ဝယ်ယူရန် စိတ်ဝင်စား၍ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် အတူ ချင်းပြည်နယ်ရှိ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့ များနှင့် ချိတ်ဆက်ပြီး ဒီဇင်ဘာ ၂ဝ ရက်မှ ၂၃ ရက်အထိ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ချင်းပြည်နယ် မင်းတပ်မြို့၌ ကျင်းပခဲ့သည်။

Nat's Coffee ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ကော်ဖီများကို ကြိုတင်မှာယူ နိုင်ပြီဟု ကြော်ငြာထားပြီး ၂ဝ၁၇ ခုနှစ် မေလ သို့မဟုတ် ဇွန်လတွင် ကော်ဖီများ စတင်ပို့ပေး နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီ များသည် ကမ္ဘာ့ကော်ဖီ ဈေးကွက်တွင် ကော်ဖီ ရောင်းဝယ်နေသည့် ကုမ္ပဏီကြီးများ ဖြစ်၍ ချင်းပြည်နယ်ရှိ ကော်ဖီများကို အများအပြား ဝယ်ယူဖြန့်ဖြူးမည့် အလားအလာ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...