An Indian protestor holds placards of banned 500 and 1000 rupee notes during a protest in Mumbai on November 28. Tens of thousands of people turned for nationwide protests against India's controversial ban on high-value banknotes, which opposition party organisers say has caused a "financial emergency".
( ရှိန်းထက် )
အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် အိန္ဒိယနိုင်ငံ၌ ကြီးထွားနေသည့် အကျင့်ပျက် ခြစားမှုကို အဓိက တိုက်ဖျက်မည် ဆိုသည့် မဲဆွယ် စကားလုံးကြောင့် ဝန်ကြီးချုပ် ရာထူးကို ရလာသူ ဖြစ်သည်။ ယခုမိုဒီ က သူ၏ကတိ စကားများ အတိုင်း အိန္ဒိယစီးပွားရေး ကို တိုက်ရိုက် ထိုးနှက်နေသည့် ခြစားမှုများကို စတင်ကိုင်တွယ် နေပြီဖြစ်သည်။
သူ၏ ပထမခြေလှမ်း အဖြစ် ငွေကြေး ဈေးကွက်ကို ပြောင်းလဲပစ် ခဲ့သည်။ အိန္ဒိယ၏ ရူပီး ၅ဝဝ တန်နှင့် ၁ဝဝဝ တန်တို့ကို သုံးစွဲခွင့် ပိတ်ပင်ခဲ့သည်။ ရူပီး ၅ဝဝ တန်သည် အမေရိကန် ဒေါ်လာ ၇ ဒေါ်လာ ကျော်တန်ဖိုးရှိပြီး ရူပီး ၁ဝဝဝ တန်သည် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာကျော် တန်ဖိုးရှိသည်။ မိုဒီက ထိုငွေကြေးများကို လဲလှယ်ရန် ရက် ၅ဝ သတ်မှတ်ပေးခဲ့ပြီး ငွေကြေးကိုင်တွယ် သုံးစွဲသည့် အခြေခံ လူတန်းစားများ အတွက် ဖြစ်သည်။
အိန္ဒိယ၌ တရားမဝင် ငွေကြေးကို လက်ဝယ်ထားရှိပြီး ဈေးကစားကာ ခြစားမှုများ မြင့်တက်လာအောင် အဓိကမောင်းနှင် ပေးနေသည့် လူချမ်းသာများ ပိုများလာ သောကြောင့် မိုဒီက ထိုသူများကို ပစ်မှတ် ထားခြင်းဖြစ်သည်။ အိန္ဒိယ၏ GDP ၄ဝ ရာခိုင်နှုန်းသည် ထိုတရားမဝင် သည့် စီးပွားရေးဈေးကွက် ၌သာလည်ပတ်နေပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၅ဝ ဘီလီယံ အထိရှိသည်ဟု အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရာဂ်ျနတ်ဆင်း က ပါလီမန်တွင် နိုဝင်ဘာ ၂၇ ရက်က ပြောခဲ့သည်။
အမေရိကန်ဒေါ်လာ ၄၅ဝ ဘီလီယံ ထဲမှာပင် အနည်းစုသာ ငွေကြေးစီးဆင်းမှု အနေဖြင့် ပြန်လည် ရွေ့လျားပြီး အများစုက ရွှေနှင့် တခြား ကျောက်မျက် ရတနာဈေးကွက် များတွင် စီးပွားရေး သမားများက ရင်းနှီးမြှုပ်နှံ လျက်ရှိသည်။ ငွေကြေး ဈေးကွက်ကို ပြောင်းလဲ လိုက်ခြင်းကြောင့် ဆင်ခြေဖုံးဒေသ အောက်ခြေ လူတန်းစားများ ဖြစ်သော စိုက်ပျိုးရေး သမားများ၊ မွေးမြူရေး သမားများ ငွေကြေးလှည့်ပတ် စီးဆင်းမှုအတွက် အကျပ်ရိုက်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့ပြီး မိုဒီအား ဝေဖန်မှုသည် ထိုသူများထံမှ ထွက်ပေါ် လာခြင်းဖြစ်သည်။
သို့သော် ထိုဝေဖန်ချက် များသည် နိုင်ငံရေးသမားများ လက်ထဲ ရောက်သွားသော အခါ လက်နက်တစ်ခု သဖွယ်ဖြစ်လာ ခဲ့သည်။ မိုဒီ၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့် ကွန်ဂရက်ပါတီ သည် အခြေခံလူတန်းစား များအတွက် အဓိက အကျပ်ရိုက် စေသည့် မှားယွင်းသော စီမံခန့်ခွဲမှုဟု ခေါင်းစဉ်တပ်ကာ မိုဒီကို ဆန္ဒပြကြပြီး ထိုနည်းတူ တခြား အတိုက်အခံပါတီ အင်အားစုနှစ်ခု၊ သုံးခုကလည်း အိန္ဒိယ၏ အဓိကမြို့တို့၌ လူစုပြီး ဆန္ဒပြကြသည်။
အိန္ဒိယ၏ အဓိကမြို့ကြီးများ ဖြစ်သည့် မွမ်ဘိုင်း၊ နယူးဒေလီ၊ ကိုးလ်ကတ္တား တို့၌ ဆန္ဒပြသမား များဖြင့် စည်ကားနေပြီး မိုဒီကို အိန္ဒိယ၏ ဒီမိုကရေစီကို သတ်နေသည့် လူတစ်ဦးအဖြစ် ပုံဖော်ကာ ဆန္ဒပြနေခြင်း ဖြစ်သည်။ ၄င်းအနေဖြင့် အိန္ဒိယ၏ ခြစားမှုများကို တိုက်ဖျက်ရန် ကြိုးစားနေပြီး အိန္ဒိယကို အကောင်းဆုံး ပုံဖော်နိုင်ရန် ကြိုးစားနေ ချိန်တွင် သူ၏အဓိက အတိုက်အခံများက အိန္ဒိယကို ဖျက်ဆီးရန် ကြိုးစားနေသည် ဟု မိုဒီက ပွင့်လင်းစွာပင် ဝေဖန်ထားကာ သူ၏ လမ်းကြောင်း အတိုင်းသာ ဆက်သွားမည် ဟု ပြောသည်။
သို့သော် အဓိကအတိုက်အခံ ပါတီများရှေ့ဆုံးမှ ဦးဆောင်ပါဝင် လာနေသောကြောင့် အိန္ဒိယတွင် ဆန္ဒပြမှုများသည် မည်သည့် အတိုင်းအတာအထိ ရောက်ရှိလာ မည်ကို မည်သူကမျှ မခန့်မှန်း နိုင်သေးပေ။ ထိုကြားထဲတွင် မိုဒီ၏ လုပ်ရပ်ကို ထောက်ခံသည့် လူများကလည်း ရှိနေသောကြောင့် ဆန္ဒပြမှုများသည် သက်ရောက်မည့် အတိုင်းအတာကို ခန့်မှန်းနိုင်ရန် ခက်ခဲနေသည်။ နိုဝင်ဘာ ၂၈ ရက်အထိ အိန္ဒိယ၌ ရဲအင်အား အပြည့်ချထားပြီး ဘဏ်နှင့် ပါလီမန်တို့ကို အကာအကွယ် ပေးထားရကာ ဆန္ဒပြအင်အား သောင်းချီ၍ မြင့်တက်လာ ခဲ့သည်။ မိုဒီ စဉ်းစားသည့် နောက်တစ်ချက်က အိန္ဒိယနှင့် ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယား ပြဿနာဖြစ်သည်။ ထိုနေရာသည် ထိလွယ်ရှလွယ် အဖြစ်ဆုံးနေရာ ဖြစ်ပြီး ထိုနေရာ အတွက် စစ်ခင်းခဲ့ရ ပေါင်းလည်း များနေပြီ ဖြစ်သည်။
ပါကစ္စတန်တို့က ကက်ရှ်မီးယား ကို ခွဲထွက်ပြီး သူတို့နှင့် လာပေါင်းစေရန် ဗျူဟာ များခင်းသည်။ စစ်ရေးအတွက် လက်နက် ရိက္ခာ အလုံးစုံ ထောက်ပံ့ပေးသည်။ ထို့ကြောင့် ကက်ရှ်မီးယား၌ အကြမ်းဖက် အဖွဲ့အစည်း များပေါ်ထွက်လာခြင်း ဖြစ်သည်။ မကြာမီကပင် ကက်ရှ်မီးယား၌ အကြီးမားဆုံးသော အိန္ဒိယအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပြီး ကက်ရှ်မီးယား၏ ဆက်သွယ်ရေး စခန်းများကိုပင် ဖြတ်တောက်ထား လိုက်ရသည်အထိ ဖြစ်ခဲ့သည်။
၂ဝ၁၆ ခုနှစ်သည် ကက်ရှ်မီးယား၏ အလှုပ်ရှားဆုံးနှစ်ထဲမှ တစ်နှစ်ဖြစ်သည်။ အိန္ဒိယစစ်သားများ၊ ရဲများပင် သေဆုံးခဲ့ရပြီး ကက်ရှ်မီးယား ပြည်သူများလည်း များစွာ သေဆုံးခဲ့ရသည်။ ဘုရားဖူးခရီးသွား ဦးရေ ၅ဝဝဝ လောက်လည်း ဆန္ဒပြပွဲများ အတွင်းပိတ်မိ နေခဲ့ပြီး ကက်ရှ်မီးယား အိန္ဒိယ စစ်တပ်နှင့် ပါကစ္စတန်စစ်တပ် များကြား နယ်စပ် ပစ်ခတ်မှုများပင် ဖြစ်ပွားခဲ့ ရသည်။
ကက်ရှ်မီးယားကို လှုပ်လှုပ်ရှားရှား ဖြစ်အောင် ပြုလုပ်နေသည့် လူများထဲတွင် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်ကြီး များလည်း ပါဝင် နေသည်ဟု မိုဒီ က သံသယရှိနေသည်။ ထို စီးပွားရေး လုပ်ငန်းရှင်များက ငွေကြေးကို ကိုင်ထားပြီး ကက်ရှ်မီးယား လှုပ်ရှားမှုများ ကိုထောက်ပံ့မည်။ ငွေကိုင်ထား သောကြောင့် အခွန်လည်း ပေးဆောင်စရာ မလိုတော့ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရရှိမည် ဖြစ်သည်။ သို့သော် ယခုငွေကြေး ဈေးကွက်ကို မိုဒီ ပြောင်းလဲလိုက်သောအခါ ထိုသူများ အတွက် အခက်တွေ့ ရတော့မည် ဖြစ်သည်။
ဘဏ်များတွင် ငွေကြေးလာလဲ လျှင်လည်း များပြားလှသော ငွေလဲပမာဏ များကြောင့် စစ်ဆေးမေးမြန်းမှု များကို ကြုံရမည် ဖြစ်သည်။ အကယ်၍ ကက်ရှ်မီးယား ကဲ့သို့ လှုပ်ရှားမှုများကို ထောက်ပံ့မှုများနှင့် တခြား တရားမဝင် လှုပ်ရှားမှုများကို တွေ့ရှိလျှင် အခွန်ကိုလည်း ထိုငွေ၏ ထက်ဝက်ကျော် တန်ဖိုးအထိ ထမ်းဆောင်ရမည် ဖြစ်သည်။
လက်ဝယ် ကိုင်ထားသည့် ငွေကြေး အမြောက်အမြား ကို မိုဒီက အဓိကထား တိုက်ဖျက်ရင်း ကက်ရှ်မီးယား အရေးပါ ထည့်သွင်းစဉ်းစား ခဲ့ခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အဓိကတွေ့ကြုံ နေရသည့် ပြဿနာမှာ အခွန်ရှောင်သည့် ပြဿနာ ဖြစ်သည်။ ထိရောက်သည့် အခွန်ကောက်ခံမှု များထားရှိစေကာမူ ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် အခွန်ရှောင်ချင်သည့် လူများက များနေသေးသည်။ အထူးသဖြင့် ငွေမည်းကို ငွေဖြူ ပြောင်းချင်သူများ ကြောင့် ပြည်တွင်း ဈေးကွက်များမှာ မကြာခဏ ကမောက်ကမ ဖြစ်နေရသည်။ ငွေရှင်တို့က ရွှေနှင့် ကျောက်မျက် ရတနာ ဈေးကွက်များတွင် ငွေကြေးကို ရင်းနှီးမြှုပ်နှံသည်။ အိမ်ခြံမြေ ဈေးကွက်များတွင် ငွေမည်းများကို အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံ နေသည်။ နည်းလမ်း ပေါင်းစုံဖြင့် အစိုးရ၏ ဥပဒေစက်ကွင်း အောက်က လွတ်အောင် ငွေဖြူဖြစ်ဖို့ ကြိုးစားနေကြဆဲ ဖြစ်သည်။
ယခုမိုဒီသည် ထိုအချက်များ ကိုလည်း ထည့်သွင်း စဉ်းစားပြီး တန်ဖိုးမြင့်မားသည့် ငွေကြေးများကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ မိုဒီ၏ ဗျူဟာ မည်မျှထိရောက်မှု ရှိမည်ကို စောင့်ကြည့်ရဦး မည်ဖြစ်ပြီး ယခုတော့ ထိရောက်မှုကို မသိသေးမီ မိုဒီမှာ ဆန္ဒပြခံ နေရသည်။
လယ်သမားများနှင့် အောက်ခြေ လူတန်းစားများက နည်းနည်း နိုင်ငံရေးပါတီ များက ထိုအရာကို လက်ကိုင်တုတ် သဖွယ်အသုံးပြု နေသည်က များများ မြင်တွေ့ နေရသည်။ စည်းရုံးသည်၊ လှုံ့ဆော်သည်၊ ဆန္ဒပြသည်၊ မိုဒီကို အဓိက တိုက်ခိုက်ချင် နေကြသည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လျက် ရှိသည့် ဆန္ဒပြမှုများသည် မည်သည့် အတိုင်း အတာအထိ ရောက်ရှိမည်ကို ခန့်မှန်းမရ ဖြစ်နေရခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီ ကတော့ သူ့လုပ်ရပ်သည် မှန်ကန်ပြီး အိန္ဒိယအတွက် အကောင်းဆုံး ဖြစ်မည့်အရာကို ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန်မှုများကို နောက်ချန် ထားရင်း တစိုက်မတ်မတ်သာ ပြောဆိုနေ ပါကြောင်း ရေးသား လိုက်ရပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
No comments:
Post a Comment