Social Icons

Pages

Wednesday, December 21, 2016

စစ်ရေးအရ တရုတ်နှင့် ပူးပေါင်းမှု ထပ်ဆင့်တိုးမြှင့်လိုက်သည့် ထိုင်းနိုင်ငံ


စစ်ရေးအရ တရုတ်နှင့် ပူးပေါင်းမှု ထပ်ဆင့်တိုးမြှင့်လိုက်သည့် ထိုင်းနိုင်ငံ

( ရှိန်းထက် )

အရှေ့အာရှ၌ အမေရိကန်၏ သြဇာ အာဏာသည် တရုတ်ကို အရှုံးပေး နေရပြီလားဟု မေးခွန်းထုတ် နေရစဉ်တွင် ထိုင်းနှင့်တရုတ် တို့က လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍကို ထပ်ဆင့်မြှင့်တင် လိုက်ကြပြန်သည်။

၂ဝ၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အာဏာ သိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ဆိုကာ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ခံထားရသော ထိုင်းနိုင်ငံသည် ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း တက်လာသည့် အချိန်တွင်လည်း အမေရိကန်နှင့် ဆက်ဆံရေးက ပိုမိုဆိုးရွား လာပြန်သည်။ ကနဦးတွင် ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း ကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲ လာမည်လား ဟူသည့် မျှော်လင့်ချက်များ ရှိသည်။

ယခုတော့ မင်းသား မဟာဝါဂျီရာ လောင်ကွန်း ဘုရင်ဖြစ်လာပြီး မကြာမီမှာပင် တော်ဝင်အကြံပေး အဖွဲ့ဝင် ၁၃ ဦးကို နောက်ထပ်သုံးဦး ထပ်ပေါင်းထည့်ကာ ၁၆ ဦးဖြစ်အောင် ဦးစွာ ပြုလုပ်သည်။ ထို ပေါင်းထည့်သည့် သုံးဦးစလုံးသည် စစ်တပ်ထိပ်ပိုင်း အကြီးအကဲများ ဖြစ်သည်။ ဘုရင်အသစ် မဟာဝါဂျီရာ လောင်ကွန်း သည် စစ်ဘက် ဆိုင်ရာကို ပိုမိုအားသန်ပြီး ပြည်တွင်းရေးကို သိပ်စိတ် မဝင်စားသည့် ဘုရင်ဟု အများစုက ဝေဖန်ကြသည်။

ထို့ကြောင့် ထိုင်းဘတ်ငွေ တန်ဖိုး လျော့ကျခဲ့ရပြီး ထိုင်းနိုင်ငံကို ယခင်ကထက် ပိုမို ကောင်းမွန်အောင် ပြုလုပ်ပေး နိုင်လေ မလောဟု ယခင်က မဝံ့မရဲ မျှော်လင့်ချက် များလည်း မှေးမှိန်ခဲ့ရသည်။ ယခု ထိုင်းနိုင်ငံခြားရေး မူဝါဒသည် တရုတ်ဆီသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားလျက် ရှိသည်။ အမေရိကန် တို့က ၂ဝ၁၄ ခုနှစ်တွင် ထိုင်းကို စီးပွားရေးပိတ်ပြီး မကြာမီမှာပင် ထိုင်း က အမေရိကန် မရှိလည်း ဖြစ်သည်ဟူသော ၄င်း၏ သဘောထားကို တရုတ်နှင့် ၂ဝ၁၅ ခုနှစ် ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်၍ ပြသခဲ့သည်။

ထိုနောက်ပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံရေးသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားပြီး ယခု ထိုင်းနှင့် တရုတ်တို့ စစ်ရေးအရ ပူးပေါင်းမှုသည် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဆီသို့ ရောက်လာပြီ ဖြစ်သည်။ မေလက လာအိုနိုင်ငံ၌ ကျင်းပခဲ့သော အစည်းအဝေး တွင် ထိုင်းအစိုးရနှင့် တရုတ် အစိုးရတို့ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး တို့ကို ဦးစားပေး ဆွေးနွေး ကြသည်။ 

ယခင်တစ်ပတ်က ထိုင်းနိုင်ငံသို့ ရောက်ရှိသော တရုတ် ကာကွယ်ရေး ဝန်ကြီးနှင့် ထိုင်းအစိုးရတို့ တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရ တို့ကြား ကာကွယ်ရေး ကဏ္ဍကို ဆွေးနွေးရာ စစ်လက်နက် နည်းပညာ အပြန်အလှန် ဖလှယ်ရေး အပါအဝင် ထိုင်းစစ်တပ်ကို လက်နက် ပံ့ပိုးပေးရေး အစီအစဉ် များလည်း ပါဝင်သည်။

ယခု ထိုင်းအစိုးရက တရုတ်တို့ထံမှ တင့်ကားများကို မှာယူထားသည့် အပြင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ပထမဆုံး ရေငုပ်သင်္ဘော ကိုလည်း တရုတ်အစိုးရ ဆီမှ မှာယူထားသည်။ ထို့ပြင် ထိုင်းနှင့်တရုတ် တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု အကြိမ် အရေအတွက် တိုးမြှင့်ရန် အထိ ပါဝင်ဆွေးနွေး ခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကဏ္ဍ အတွက်လည်း တရုတ်ကို ဦးစားပေးကာ ထိုင်းအစိုးရက ဖိတ်ခေါ်ထားပြီး ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မက်လုံးကိုပင် ထိုင်းနိုင်ငံ အစိုးရက တရုတ်လောက် မက်မောမှု မရှိတော့ပေ။ ယခုအခါ ထိုင်းနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၂ဝ ဘီလီယံခန့် တန်ကြေးရှိသည့် ဗန်ကောက် မြေအောက် အမြန်ရထား စီမံကိန်းကို တရုတ်တို့ တည်ဆောက် ပေးရန်ရှိနေပြီး ကုန်ကျစရိတ်ကို ပြန်လည် တွက်ချက်ကာ  အကျိုးအမြတ် အတွက် တရုတ်တို့ စဉ်းစားခန်း ဝင်နေပုံရသည်။

သို့သော်လည်း ထိုင်းနိုင်ငံမှ ပြန်ရမည့် ဈေးကွက်ဝေစုသည် တရုတ်တို့ အတွက် ရေရှည် အကျိုးသက်ရောက် မည်ဖြစ်သည်။ ဥပမာ- ထိုင်းနိုင်ငံ၏ ရေထွက်လုပ်ငန်း ကုန်စည်များ အားလုံးသည် အမေရိကန် နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့ခွင့် မရှိတော့ပေ။ ယင်းပို့ကုန် များသည် တရုတ်ဆီသို့ အများဆုံး ရောက်ရှိသွား တော့မည် ဖြစ်သည်။ ထို့ပြင် တရုတ်တို့ဆီမှ ထိုင်းအစိုးရ၏ စစ်လက်နက် ဝယ်ယူမှု တန်ဖိုးသည် နောက်ပိုင်းတွင် နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ ဝင်လာတော့မည် ဖြစ်သည်။

အစက ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ နှင့် ထိုင်းဘုရင် အသစ် မဟာဝါဂျီရာ လောင်ကွန်း တို့ အဆင်မှ ပြေပါ့မလား ဟူသောလေသံ များသည် ယခုတော့ ထိုမေးခွန်းကို ဖြေစရာ မလိုတော့ အောင်ပင် သူတို့နှစ်ဦးက လက်တွဲညီ နေသည်။ အာဆီယံတွင် ဖိလစ်ပိုင်နှင့် ထိုင်းသည် အမေရိကန်၏ အမာခံစစ်ဘက် မဟာမိတ်များ ဖြစ်သည်။ အမေရိကန် တို့သည် အာဆီယံ လုံခြုံရေး အတွက်လည်း ထိုနှစ်နိုင်ငံကို အခြေပြုပြီး စစ်ဆင်ရေးများ ဆောင်ရွက် နိုင်သည်။ ယခုတော့ ထိုနှစ်နိုင်ငံ စလုံးသည် အမေရိကန် ဆန့်ကျင်ရေး ဇာတ်လမ်းများ ခင်းနေကြပြီး တရုတ်ဆီသို့သာ ဦးတည်သွား နေတော့သည်။ ဖိလစ်ပိုင် ဆိုလျှင်လည်း အမေရိကန် နှင့် ဆက်ဆံရေး များကို ဖြတ်တောက်ရန် အထိ ဆုံးဖြတ်ချက် ချထားသူ ဖြစ်သည်။

ယခု အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် တက်လာမှသာ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေ က အမေရိကန် ဘက်သို့ အနည်းငယ် ခြေဦးပြန်လှည့် လာခြင်းဖြစ်သည်။ ယခု ဖိလစ်ပိုင်က ရေတပ်သင်္ဘော များကို တရုတ်ဆီမှ ဝယ်ယူတော့မည်။ စစ်ရေးအရ နည်းပညာ ဖလှယ်ရေး ကိုလည်း ဆောင်ရွက်နေသည်။ တရုတ်တို့သည် စစ်ရေးအရ နယ်မြေသစ်ကို ရှာဖွေလာသည်မှာ နှစ်နှင့်ချီ နေပြီဖြစ်သည်။

တရုတ်တို့သည် အမေရိကန်တို့ ကဲ့သို့ပင် နိုင်ငံပြင်ပ စစ်ရေး အခြေစိုက်စခန်း များကို တည်ဆောက် လိုသည့်ဆန္ဒ ပြင်းပြနေသည်။ ယခုတော့ အာဆီယံနိုင်ငံ များ၌ တရုတ်တို့သည် ၄င်းတို့၏ စစ်အခြေစိုက် စခန်းများ တည်ဆောက်ရန် စိုင်းပြင်း နေပြန်သည်။

၂ဝ၁၆ ခုနှစ်သည် တရုတ်နှင့် ရုရှားတို့၏ စစ်ဘက်ဆိုင်ရာ နယ်မြေသစ် ရှာဖွေမှု အောင်မြင်သည့် နှစ်ဟု ဆိုနိုင်သည်။ တရုတ်ကလည်း ထိုင်းနှင့် ဖိလစ်ပိုင်တို့ကို အောင်မြင်မှု ရကာ အာဖရိကတွင် အမေရိကန်နှင့် အပြိုင် စစ်အခြေစိုက် စခန်း တည်ဆောက် နိုင်ခဲ့သည်။ ရုရှားကလည်း ကာဇက်စတန် တွင် သူတို့၏ စစ်အခြေစိုက် စခန်းကို အကြီးစား စစ်လက်နက် ဖြည့်တင်းကာ တင့်ကားအစီးရေ ၁ဝဝ နှင့်အတူ အားဖြည့်သည်။ ထို့ပြင် အရှေ့အာရှ တွင် ဗီယက်နမ်ကို စစ်ဘက် နယ်မြေသစ် တစ်ခုအဖြစ် သတ်မှတ်၍ ရသည်အထိ အောင်မြင်ခဲ့သည်။ ယခုတော့ အာဆီယံတွင် တရုတ်နှင့် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆောင်ရွက်သည့် နိုင်ငံကို ပြပါဆိုလျှင် ဖိလစ်ပိုင်ထက် ထိုင်းကို အရင်ဆုံး ပြရတော့မည် ဖြစ်သည်။ ပူးတွဲစစ်ရေး လေ့ကျင့်မှုလည်း ရှိသည်။ စစ်လက်နက် နည်းပညာ ဖလှယ်ရေး စီမံကိန်းများလည်း ရှိသည်။ တင့်ကားများ ဝယ်ယူရေး သဘော တူညီမှုလည်း ရရှိထားသည်။ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ခန့်တန်သည့် ရေငုပ်သင်္ဘော စီမံကိန်းပင် ရရှိထားသော နိုင်ငံဖြစ်သည်။

စီးပွားရေးဘက်ကို ကြည့်မည် ဆိုလျှင်လည်း ယခုတရုတ်က ထိုင်း၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်နေပြီ ဖြစ်သည်။ ဖိလစ်ပိုင်က ယခုမှ အမေရိကန် ဒေါ်လာ ဘီလီယံ ဆယ်နှင့်ချီသည့် စီးပွားရေး သဘောတူညီချက် များကို ရယူထားသည့် နိုင်ငံဖြစ်သည်။ စစ်ဘက် ဆိုလျှင်လည်း ယခုမှ စစ်သင်္ဘော အနည်းငယ် ဝယ်ယူရေး သဘောတူထားရုံ မျှပင်ဖြစ်သည်။ ထို့ကြောင့် ထိုင်းသည် မကြာမီ အာဆီယံ တွင် အမေရိကန်၏ မဟာမိတ် အဖြစ်မှ တရုတ်၏ အင်အားအကြီးဆုံး မဟာမိတ် အဖြစ် ပြောင်းလဲလာရန် ရာခိုင်နှုန်းပိုများ နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...