Social Icons

Pages

Wednesday, November 30, 2016

သာသနာ့တူရိယာစင်များတွင် ဘုရားဖူးပြည်သူ အချို့က စည်းကမ်းမဲ့စွာ အမှတ်တရစာ ရေးသားမှုများ ရှိနေ



စစ်ကိုင်း ၊ ၃၀-၁၁-၂၀၁၆

စစ်ကိုင်းမြို့ ပါရမီိရပ်ကွက် အတွင်းရှိ သမိုင်းဝင် မဟာစည်းခုံကြီး စေတီတော် ၏ တောင်ဘက်ရှိ သာသနာ့ တူရိယာစင် များဖြစ်သည့် ခေါင်းလောင်းတော် စင်၊ မောင်းတော်စင်၊ ကြေးစည်တော်စင်၊ ထိုးစည်တော်စင်၊ အောင်စည်တော် စင်များ ၌ လာရောက် လည်ပတ်သော ဘုရားဖူး ပြည်သူအချို့က စည်းကမ်းမဲ့စွာဖြင့် အမှတ်တရ စာရေးသားမှုများ ရှိနေကြောင်း ဘုရားဖူးများ ထံမှ သိရသည်။

''ထင်ရှားပြီး လူအရောက် များတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ် ပစ္စည်းတွေ၊ အဆောက်အအုံ တွေမှာ အမှတ်တ ရအနေနဲ့ Correction Pen တွေနဲ့ ရေးခြစ်တာတွေကို မပြုလုပ်သင့် ပါဘူး။ ဒါဟာရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံတွေ တန်ဖိုးကျ စေတယ်။ နိုင်ငံခြားသားတွေ မြင်ရင်လဲ မသင့်တော်ဘူး။ လူမျိုးရဲ့ ဂုဏ်သိက္ခာလဲ ကျဆင်းစေတယ်။ ပြန်လည် ဆေးကြော သန့်ရှင်းအောင် ပြုလုပ်ပြီး နောက်နောင် ဒီလို မပြုလုပ်အောင် တာဝန်ရှိတဲ့ သူတွေ အနေနဲ့ ထိန်းသိမ်းကြပ်မတ် ပေးစေချင် ပါတယ်'' ဟု ဘုရားဖူးပြည်သူ တစ်ဦးက ပြောပြသည်။

မဟာစည်းခုံကြီး စေတီတော်သည် ဘုရားပျက်မြေနီ အုတ်ရိုးကုန်း ပမာ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်း နေရာမှ သီတဂူ ဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပြန်လည်ပြုပြင် တည်ထားကိုးကွယ် ခဲ့ပြီး စေတီတော်၏ တောင်ဘက် မျက်နှာတွင် သာသနာ့ တူရိယာစင်များ ဖြစ်သည့် ခေါင်းလောင်းတော်စင်၊ မောင်းတော်စင်၊ ကြေးစည်တော်စင်၊ ထိုးစည်တော်စင်၊ အောင်စည်တော်စင် တို့ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။

''သာသနာ့ပစ္စည်း တွေမှာ စာတွေ ရေးသားရုံတင် မဟုတ်ပါဘူး။ ဘုရားကို လာရောက်ပြီး အရက်သေစာ သောက်စားတဲ့ သူတွေနဲ့၊ မဖွယ်မရာ ပြုလုပ်တဲ့ စုံတွဲ အတွဲတွေနဲ့၊ အခုတော့ အသိပေးစာတွေ ကပ်ထားပါတယ်။ ရေးသားထားတဲ့ စာတွေကို ပြန်ဖျက်ဖို့လဲ စီစဉ် ဆောင်ရွက် ထားပါတယ်။ စေတီတော်က ပြန်လည်ပြုပြင် တည်ထားကိုးကွယ် ခဲ့တာ မကြာသေးတော့ ဘုရားမှာ လုပ်သားဝန်ထမ်း ပြည့်ပြည့်စုံစုံ မရှိသေးဘူး ဖြစ်နေတယ်'' ဟု ဘုရားဂေါပက အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောပြ၍ သိရသည်။

ပြည့်ဖြိုးအောင် 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...