Social Icons

Pages

Friday, November 4, 2016

မောင်တောခရိုင်အတွင်း ကျေးရွာအချို့မှ နေအိမ်အချို့အား မီးရှို့ထွက်ပြေးပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဝါဒဖြန့်လျက်ရှိ



မောင်တော ၊ ၄-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ ကြသည့်အပြင် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များဆုံးရှုံးခဲ့ ရသည်။

ထို့ကြောင့် တပ်မတော် စစ်ကြောင်းများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေပိတ်ဆို့ ရှင်းလင်းရေးနှင့် လုံခြုံရေး ဆောင်ရွက်စဉ် တပ်မတော်သား ငါးဦးကျဆုံး ခဲ့ရပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်သည့် မသင်္ကာသူ များကို ဖမ်းဆီးရမိ ခဲ့ကာ လုပ်ထုံးလုပ်နည်း နှင့်အညီ စစ်ဆေးလျက် ရှိသည်။

ထိုသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှု များအပေါ် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များနှင့် ပါဝင် ပတ်သက်သူများ၊ မလိုလားသူ များက ကျေးရွာအချို့မှ နေအိမ်အချို့ကို မီးရှို့ ထွက်ပြေးပြီး ရွာသူရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးစေရန်၊ လုံခြုံရေး ဆောင်ရွက်သူများ အပေါ် ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် အခြေအနေ ရှုပ်ထွေးပြီး မတည်မငြိမ် ဖြစ်စေရန် လုပ်ကြံ ဝါဒဖြန့်မှုများ ပြုလုပ်လျက် ရှိကြသည်။

ကျီးကန်းပြင်၊ ဝက်ဘိတ်၊ စံပယ်ကုန်း၊ ပြောင်ပိုက်၊ ငါးစာကြူးနှင့် ငါးခူရကျေးရွာ များရှိ အစွန်ပိုင်းနှင့် လမ်းနံဘေးမှ နေအိမ်အချို့ မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ၄င်းနေအိမ် အများစုမှာ အိမ်နှင့်တဲငယ်များ ဖြစ်ပြီး အတွင်း၌အသုံး အဆောင်ပစ္စည်းများ ကြိုတင် ရွှေ့ပြောင်းထား သည်ကို တွေ့ရှိခဲ့ရသည်။ အိမ်ကြီး အိမ်ကောင်းများ အပါအဝင် ခိုင်ခံ့သည့် အိမ်ကြီးများနှင့် အနီးဝန်းကျင် နေအိမ်များကိုမူ မီးရှို့မှု  မရှိကြောင်း နှိုင်းယှဉ်တွေ့ရှိ ရသည်။ 

မီးရှို့ခံရသည့် နေအိမ်များကို တပ်မတော်သား များက ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့သော်လည်း အဆိုပါ ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် များမှာ ဝိုင်းဝန်း ငြှိမ်းသတ်ခြင်း မရှိဘဲ မလှမ်းမကမ်း မှသာ ရပ်ကြည့် နေခဲ့ကြသည်။

နိုဝင်ဘာ ၂ ရက်တွင် မောင်တောခရိုင် အတွင်း ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များနှင့် သံတမန်များကို တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသစဉ် နေအိမ်စွန့်ခွာ တိမ်းရှောင်နေသူ များမှာ ပြန်လည်စုရုံး ရောက်ရှိလာကြပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်လျက် ရှိကြောင်း လုပ်ကြံ ပြောဆိုခြင်း၊ ကြိုတင်ရေးသား ထားသောစာများ လက်ကမ်း ပေးအပ်ခြင်း တို့ကို အစီအမံ ရှိစွာဖြင့် လုပ်ဆောင် ခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း လုပ်ဆောင်ချက်များမှာ ဘက်ပေါင်းစုံမှ ကြိုတင် အကွက်ချ စီမံဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စ ရပ်များကို တာဝန်ရှိသူ များက တာဝန်သိ ပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...