Social Icons

Pages

Sunday, November 13, 2016

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်များ အတွင်းသို့ ရေမဆေးကျောက် တူးဖော်သူများ ကျူးကျော်ဝင်ရောက်


ရေမဆေးကျောက် တူးဖော်သူများ ကျူးကျော်ဝင်ရောက် ဖျက်ဆီးထားသော ယာဉ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၃-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာ အုပ်စု၊ မော်မောင်းလျန် ကျေးရွာအနီးရှိ ကချင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အတွင်းသို့ နိုဝင်ဘာ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ရေမဆေးကျောက် ရှာဖွေသူ ၄ဝဝ ဦးခန့်က ကျူးကျော်ဝင်ရောက် လာသဖြင့် ကုမ္ပဏီဝန်ထမ်း များက တားဆီး သော်လည်း ဆက်လက် ဝင်ရောက်ပြီး လုပ်ကွက်အတွင်း ရပ်ထားသော Volvo-290 အမျိုးအစား ဘက်ဟိုးယာဉ် နှစ်စီးအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဖိုးဝှီး အမျိုးအစား နှစ်ခန်းတွဲကား တစ်စီး၏ ကားဘီးများအား သံချွန်များဖြင့် ထိုးဖောက်ခြင်းနှင့် တံခါးမှန်များကို ခဲများဖြင့် ပစ်ပေါက်ခြင်း တို့ကြောင့် မော်တော်ယာဉ်များ ပျက်စီးခဲ့သည်။

ထိုသို့ဖျက်ဆီး နေမှုများအား ကုမ္ပဏီ တာဝန်ခံက တပ်မတော် စစ်ကြောင်းအား လာရောက် သတင်းပို့သဖြင့် သွားရောက်စဉ် ရေမဆေးကျောက် ရှာဖွေသူများက အန္တရာယ်ပြုမည့် အသွင်ဖြင့် ဝိုင်းဝန်း လာသောကြောင့်
လက်နက်ငယ် သုံးချက် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ကျောက်စများ လွင့်စဉ်မှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ မင်းနိုင်စိုး၊ သန်းနိုင်ဦး၊ မင်းကိုထွန်း၊ ပြည့်ဖြိုးအောင် နှင့် ရဲထက်အောင် တို့တွင် ကျောက်စထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လူစုကွဲကာ လုပ်ကွက်အတွင်းမှ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

ကျောက်စထိမှန် ဒဏ်ရာရရှိခဲ့သည့် ရေမဆေးကျောက် ရှာဖွေသူငါးဦးအား ဖားကန့်ရဲစခန်း မှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်း အပ်နှံပေးအပ် ခဲ့သည်။

ထို့အတူ ဖားကန့်မြို့နယ်၊ ဗလခကျေးရွာ အနီးရှိ စိမ်းအောင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် အတွင်းသို့ ယမန်နေ့နံနက် ၈ နာရီခန့်တွင် ရေမဆေးကျောက် ရှာဖွေသူ ၅ဝဝ ဦးခန့်က ကျူးကျော် ဝင်ရောက်၍ ရေမဆေးကျောက် ရှာဖွေနေကြောင်း ကုမ္ပဏီ တာဝန်ခံ၏ သတင်းပို့ချက်အရ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သား များက သွားရောက် စစ်ဆေးစဉ် ရေမဆေးကျောက် ရှာဖွေသူများက စိန်တူများ၊ တူးရွင်းများဖြင့် ဝိုင်းဝန်း လာကြသောကြောင့် ခြောက်လှန့်သည့် သဘောဖြင့် သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ရာ ကမ်းပါးစောင်း၌ ရေမဆေးကျောက် ရှာဖွေနေသည့် မောင်လဘရန် ဆမ်အောင်နော် တွင် ကျည်ထိမှန် ဒဏ်ရာရရှိ ခဲ့ပြီး ဖားကန့်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသ ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...