Social Icons

Pages

Thursday, October 27, 2016

အလှမွေးငါးလိုင်စင်များ One Stop Service ဖြင့် ထုတ်ပေးလျက်ရှိ



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၆

အလှမွေးငါး မွေးမြူ ရောင်းဝယ်နေသူ များအား လုပ်ငန်းလိုင်စင် များကို One Stop Service ဖြင့် ထုတ်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ အလှမွေးငါး မွေးမြူရေး လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အလှမွေးငါး မွေးမြူရောင်းချတဲ့ သူတွေ အများစုက လိုင်စင်လုပ်ရတယ် ဆိုတာ မသိကြဘူး။ အခုလို ချက်ချင်း ထုတ်ပေးတော့ သူတို့အတွက် အဆင်ပြေ ပါတယ်''ဟု ၄င်းက ပြောသည်။

အလှမွေးငါးများကို ကန်တော်ကြီး ရေချိုငါးဥယျာဉ်၌ ယခင်က သောကြာဈေး အဖြစ် ဖွင့်လှစ်၍ တစ်ပတ်လျှင် တစ်ရက်နှုန်း ရောင်းချခွင့်ပြုရာမှ ယခု နောက်ပိုင်းတွင် ယင်းနေရာ ပြုပြင်နေခြင်း ကြောင့် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ရှိ ကားပါကင်ဝင်း အတွင်း ပြောင်းရွှေ့ရောင်းချ နေရကြောင်း သိရသည်။

''အဲဒီမှာလည်း သောကြာဈေး လိုမျိုး ရောင်းပေးပါတယ်။ နံနက် ၈ နာရီလောက် ကနေ ၁ဝ နာရီအထိပါ။ အရင်ရွှေ့ပြောင်း ခဲ့တဲ့နေရာ အတွက် အခုထိတော့ နေရာအစား ပြန်မရသေးပါဘူး'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပြည်ပနိုင်ငံများ၌ အလှမွေးငါး ဈေးကွက် တွင်ကျယ်လျက် ရှိသော်လည်း ပြည်တွင်း၌ တစ်ပိုင်တစ်နိုင် ဖြင့်သာ ဆောင်ရွက်နေ ရကြောင်း ၊ ပြည်ပသို့ တင်ပို့ ရောင်းချမှုရှိ သော်လည်း ရောင်းချသည့် အလှမွေးငါးမှာ မွေးမြူထားသော ငါးမဟုတ်ဘဲ သဘာဝမြစ်ချောင်း အင်းအိုင်များ  အတွင်းမှ ဖမ်းယူရရှိသည့် အလှငါးများ ဖြစ်ကြောင်း သိရသည်။

''အလှငါး မွေးမြူရေးကို သေသေချာချာ လုပ်ရင် နိုင်ငံအတွက် ဝင်ငွေရှာပေးတဲ့ လုပ်ငန်းမျိုး ဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ အလှမွေးငါးက တခြားနိုင်ငံတွေမှာ နှစ်သက်ဝယ်ယူလို သူများတယ်။ Lucky Fish တစ်ကောင်ကို ငွေကျပ် သိန်း ၅၀ ၊ ၆၀ လောက် ဈေးရနေတော့ ဒါကို ပီပီပြင်ပြင်နဲ့ ဆောင်ရွက်သွား နိုင်ဖို့ အရေးကြီး ပါတယ်'' ဟု လုပ်ငန်းရှင် တစ်ဦးက အကြံပြု ပြောသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...