Social Icons

Pages

Monday, October 24, 2016

နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် ဆေးတံနှင့် ကျောက်သင်ပုန်း နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိရန် ကြိုးပမ်းမည်



ရန်ကုန် ၊ ၂၄-၁၀-၂၀၁၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ လုပ်ကိုင်လျက် ရှိသော ဆေးတံနှင့် ကျောက်သင်ပုန်း များကို နိုင်ငံခြားသားများ အထူး စိတ်ဝင်စားကြ သောကြောင့် နိုင်ငံတကာ ဈေးကွက်သို့ ဖြန့်ချိနိုင်ရန် လုပ်ငန်းပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အသေးစား လက်မှုလုပ်ငန်း တွေကို ဈေးကွက် ပိုရလာအောင် အကူအညီ ပေးပြီး နည်းပညာ တွေလည်း ဖြန့်ဝေပေးမယ်။ ဒီလုပ်ငန်းက ထုတ်ကုန်တွေကို အရည်အသွေး ပြည့်မီလာအောင် နည်းပညာ တွေနဲ့ သင်တန်းတွေ ပေးပြီး လုပ်ဆောင် သွားမှာပါ။ ကျောက်သင်ပုန်းနဲ့ ဆေးတံလုပ်ငန်း တွေအပြင် တခြား အသေးစား စက်မှုလက်မှု လုပ်ငန်းတွေက ထွက်ရှိလာတဲ့ ပစ္စည်းတွေ ကိုလည်း ဈေးကွက်မှာ ပိုမိုကျယ်ပြန့် လာဖို့ ဆောင်ရွက် သွားမှာပါ။ ဒီလို ဆောင်ရွက်ဖို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် တို့က ကူညီပေး တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဆေးတံနှင့် ကျောက်သင်ပုန်း လုပ်ငန်း များသည် ပြည်တွင်း၌ တိမ်ကော ပပျောက်လု နီးပါးဖြစ်နေပြီး မိရိုးဖလာ လုပ်ကိုင် သူများသာ ဆက်လက် လုပ်ကိုင်လျက် ရှိသည်။

ယင်း လုပ်ငန်းများကို အမျိုးသမီး များက ပိုမိုလုပ်ကိုင် ကြပြီး အသေးစား လက်မှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုရရှိစေရန် ရည်ရွယ်၍ လက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဈေးကွက် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...