Social Icons

Pages

Wednesday, October 26, 2016

မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးသင့် မင်္ဂလာဈေးကို စတင်ဖြိုဖျက် ၊ ဒီဇင်ဘာလအတွင်း အပြီးသတ် လုပ်ဆောင်မည်



ရန်ကုန် ၊ ၂၆-၁၀-၂၀၁၆

ဇန်နဝါရီလက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးကို လုပ်သား ၃ဝဝ ကျော်ဖြင့် စတင်ဖြိုဖျက် ရှင်းလင်းလျက်ရှိကာ ဒီဇင်ဘာလ အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧကရီဖူး ကုမ္ပဏီမှ မင်္ဂလာဈေး ဖြိုချခြင်းလုပ်ငန်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ ကိုအောင်လွင် ထံမှ သိရသည်။

အဆိုပါ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်ရေး အတွက် မီးဘေးသင့် အဆောက်အအုံ ဟောင်းကို ဖြိုချရန် ဧကရီဖူး ကုမ္ပဏီက တင်ဒါအောင်မြင် ခဲ့ရာ သက်ဆိုင်ရာသို့ ငွေကျပ်သိန်း ၁ဝဝဝ ပေးသွင်းခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှစတင်၍ လုပ်သား ၃၀၀ ကျော်ဖြင့် ဖျက်သိမ်းရေးပိုင်း စတင် လုပ်ဆောင်လျက် ရှိသည်။

'' ကျွန်တော်က ဒီဆိုက်မှာ အလုပ်သမားတွေ အန္တရာယ်မရှိအောင် လိုက်လံကြည့်ရှု ကြပ်မတ်ရ ပါတယ်။ အလုပ်ငန်း လုပ်ဆောင်ဖို့ အချိန်ပေးထား တာက နှစ်လဆိုတော့ နှစ်လ အတွင်းမှာ အန္တရာယ် လည်းကင်း ၊လုပ်ငန်းလည်း ပြီးစီးအောင် ကြိုးစား လုပ်ဆောင်သွား ပါမယ်'' ဟု ကိုအောင်လွင် က ဆက်လက် ပြောသည်။

အဆိုပါ မင်္ဂလာဈေး ဖြိုဖျက်ခွင့် ရရန် အဆိုပြုလွှာ တင်သွင်းသည့် ကုမ္ပဏီ နှစ်ခုထဲမှ ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်မည့် ကုမ္ပဏီကို ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးသန်းဌေး က ပြောသည်။

မင်္ဂလာဈေးကို ဖြိုချပြီးပါက အသစ်ထပ်မံ တည်ဆောက် သွားမည်ဖြစ်ပြီး လတ်တလောတွင် ဖြိုချ၍ ရရှိသည့် ပစ္စည်းများကို တင်ဒါရကုမ္ပဏီ က ပိုင်ဆိုင်ခွင့် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...