Social Icons

Pages

Friday, July 18, 2014

အာဇာနည်များ၏ လိုလားချက်


အာဇာနည်များ၏ လိုလားချက်

ယောက်ျား အာဇာနည် ဟူသည် နေရာ ဒေသတိုင်း၌ အခါခပ်သိမ်း မပေါ်ပေါက် တတ်ချေ။ အကြင်အရပ်၊ အကြင်ဒေသ ၌ မတစ်ထောင် တစ်ကောင်ဖွား ယောက်ျား အာဇာနည် ပေါ်ပေါက် ခဲ့သော် ထိုအရပ်၊ ထိုဒေသ၊ ထိုလူမျိုး အားလုံးတို့ အတွက် အဖိုးအနဂ္ဃ နှင့် အကျိုးအနန္တ ပင် ဖြစ်သတည်း ဟူ၍ ဓမ္မပဒပါ ဠိတော်၌ ဆိုထားသည်။

မြန်မာ အဘိဓာန် တွင်လည်း အာဇာနည် ဟူသည် အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာ သိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲ သာလွန်၍ အများ အကျိုးအတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက်သူ ဟု ပညာရှိများက အနက် အဓိပ္ပာယ် ကျစ်ကျစ် လျစ်လျစ် ဖွင့်ဆို ခဲ့သည်။

အဖျက်မှိုင်း မိ၍ အရှက်သမိုင်း ၏ တရားခံများ ဖြစ်ကြသော နယ်ချဲ့ တိုင်းတစ်ပါးသား တို့၏ လက်ပါးစေ အမျိုးသား သစ္စာဖောက် တို့၏ လက်ချက်ကြောင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အမျိုးသား ခေါင်းဆောင် အာဇာနည် ကြီးများ ကျဆုံး ခဲ့ရသည်။ ထို အဖြစ်ဆိုးကြောင့် ပြည်သူများ မရွှင်နှလုံး ကြိမ်မီးအုံး သည့်ပမာ ကြေကွဲ ခံစားခဲ့ရ သည်မှာ ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၆၇) နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

အာဇာနည်နေ့ ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားများ ကျင်းပကာ အာဇာနည် ခေါင်းဆောင်ကြီး များကို အလေးပြု၍ အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်စူးကာ အလှူဒါနပြု အမျှ ပေးဝေရုံဖြင့် အာဇာနည်ကြီး တို့အား အလွမ်း ဖြေဖျောက်ရာ အလေးအမြတ်ပြု ဂုဏ်ပြုရာ ရောက်နိုင် ပါမည်လား စဉ်းစားသင့် သည်။ ဆူပူမှုများ ပြုလုပ်ရန် အချို့က စဉ်းစားကြ သည်မှာလည်း အာဇာနည်များကို ခုတုံးလုပ်၍ ကျေးဇူးကန်းခြင်း ဖြစ်သည် ကိုလည်း စဉ်းစားသင့်သည်။

၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နံနက် ၈ နာရီ အချိန်က ဗိုလ်ချုပ် အောင်ဆန်း ရွှေတိဂုံ ကုန်းတော် အလယ်ပစ္စယာ ကုန်းမြေ၌ လွတ်လပ်ရေး တိုက်ပွဲများတွင် ကျဆုံးသွား ခဲ့ကြသော အာဇာနည် ရဲဘော် အပေါင်းတို့အား သတိရ လေးစားသော အားဖြင့် ယာယီ ကျောက်တိုင်စိုက်၍ အလေးပြုသည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ထိုရဲဘော်များ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့် ကြသည်များကို အများသိပြီး ဖြစ်ကြောင်း၊ ဤနေရာတွင် စုရုံး၍ အရိုအသေ ပြုရုံမျှဖြင့် ကျဆုံးသော ရဲဘော်များကို တကယ် ချီးကျူးရာ ရောက်မည် မဟုတ်ကြောင်း၊ တကယ် ချီးကျူးရာ ရောက်အောင် ၄င်းရဲဘော်များ သွေးနဲ့ စိုက်ပျိုးခဲ့တဲ့ လွတ်လပ်ရေး ပန်းပင်ကို ကျွန်တော်တို့ အစဉ်တစိုက် မြေတောင် မြှောက်ပေးပြီး ပေါင်းသင်ပေးရန် လိုကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။

ထိုမိန့်ခွန်းအရ ဆိုပါလျှင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ အသက်ပေး ရယူခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ၊ ပြည်ထောင်စု တိုင်းရင်းသား များ၏ စည်းလုံး ညီညွတ်မှု တို့ကို တည်တံ့ ခိုင်မြဲစေရန် နိုင်ငံသားတိုင်း ထမ်းဆောင် နိုင်ကြရမည်။ ထိုသို့ ထမ်းဆောင် နိုင်မှသာ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပြီး ချီးကျူးဂုဏ်ပြု အလေးအမြတ် ပြုရာ ရောက်မည် ဖြစ်သည်။

သို့ဖြစ်ရာ (၆၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂုဏ်ကို ရည်စူး အလေးအမြတ် ပြုကာ အလေးပြု၍ အာဇာနည် ခေါင်းဆောင်ကြီးများ အား ရည်စူးကာ အလှူဒါန အမျှ ပေးဝေရင်း အာဇာနည် ကြီးများ၏ လိုလားချက် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည့် လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့ကို ပြည်သူ တစ်ရပ်လုံးက အစဉ်တစိုက် မြေတောင်မြှောက် ပေါင်းသင်ပေး သွားရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...