Social Icons

Pages

Tuesday, October 25, 2016

အင်းလေးကန် ဇီဝအ၀န်းနယ်မြေ ထိန်းသိမ်းရေး


အင်းလေးကန် ဇီဝအ၀န်းနယ်မြေ ထိန်းသိမ်းရေး

လူသားတို့ အသက်ရှင် ရပ်တည်နေနိုင် ရေးအတွက် ရေသည် မရှိမဖြစ် လိုအပ်ကြောင်း ထင်ရှားစေခြင်းငှာ ရေအသက် တစ်မနက် ဟု ဆိုထားကြသည်။ ရေသည် လူတစ်ဦးချင်း လှုပ်ရှား ရှင်သန်မှု အတွက်သာ အရေးပါသည် မဟုတ်ဘဲ လူ့အဖွဲ့အစည်း အတွက်လည်း လွန်စွာ အရေးပါသော သဘာဝ အမွေအနှစ် ဖြစ်သည်။ လူသားတို့ သမိုင်းတွင် ရေချိုရေကောင်း ပေါများ ကြွယ်ဝ၍ မြေဆီသြဇာ ထက်သန် ကောင်းမွန်ပြီး ရာသီဥတု မျှတသော အခြေအနေနှင့် ကူးသန်း သွားလာရေး အဆင်ပြေသည့် မြစ်ဝှမ်းဒေသ များ၌ ယဉ်ကျေးမှု များ ထွန်းကား ခဲ့ကြောင်း နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှု၊ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု တို့ကို အခိုင်အမာ တွေ့ရသည်။

မျက်မှောက် ကာလတွင် ကုန်းတွင်းရေတိမ် ဒေသများ၌ ဂေဟစနစ်များ ထိန်းသိမ်းရေး ကို အလေးထား ဆောင်ရွက် နေကြသည်။ မြန်မာနိုင်ငံရှိ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် အရှေ့တောင် အာရှဒေသ၏ အကြီးဆုံး ကုန်းတွင်းေ ရတိမ်ဒေသများ တွင် တစ်ခု အပါအဝင် ဖြစ်သည့်အပြင် အာဆီယံ အမွေအနှစ် ဥယျာဉ်လည်း ဖြစ်သည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် တို့အတွင်း တည်ရှိပြီး စတင်တည်ထောင် စတွင် ဧရိယာ အကျယ်အဝန်း ၂၄၈ စတုရန်းမိုင် ကျယ်ဝန်း သော်လည်း လက်ရှိတွင် ၂ဝ၆ ဒသမ ဝ၇ မိုင်သာ ရှိတော့ကြောင်း သိရသည်။

အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် စတင် တည်ထောင် ခဲ့ပြီး ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ထား ရာမှ ၂ဝ၁၅ ခုနှစ် ဇွန် ၉ ရက်တွင် အင်းလေးကန် ဇီဝအဝန်း နယ်မြေအဖြစ် ယူနက်စ်ကို က အသိအမှတ်ပြု ထားသည်။ အင်းလေးကန် ဘေးမဲ့တော၌ နို့တိုက် သတ္တဝါများ၊ ရေပျော်ငှက် နှင့် ကုန်းနေ ငှက်မျိုးစိတ်များ၊ ကုန်းနေ ရေနေသတ္တဝါ မျိုးစိတ်များ၊ ငါးမျိုးစိတ်များနှင့် ဆေးဖက်ဝင် အပင် အပါအဝင် သစ်ပင် အမျိုးမျိုးတို့ ရှင်သန်လျက် ရှိသည်။

အင်းလေးကန် ရေတိမ်ဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ စဉ်ဆက်မပြတ် ထိန်းသိမ်းရေးနှင့် ရေရှည် အသုံးချနိုင်ရေး၊ ဒေသခံ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်းရေး၊ ဒေသခံပြည်သူ များ၏ စီးပွားရေး အခွင့်အလမ်း နှင့် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ ကမ္ဘာတစ်ဝန်းတွင် ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်း ကိုးကြောင်း ရှိသည့်အနက် မြန်မာနိုင်ငံ၌ ထူးခြားသော လမ်းကြောင်း နှစ်ကြောင်းမှ ဆောင်းခိုငှက်များ ဝင်ရောက်မှု များပြားခြင်း ကြောင့် ၂ဝ၁၅ ခုနှစ်က အင်းလေးကန် ဒေသတွင် ငှက်မျိုးစိတ် ၃၅ဝ အထိ မှတ်တမ်းတင် နိုင်ခဲ့သည်။ ဆောင်းခိုငှက် များသည် နှစ်စဉ် အောက်တိုဘာလ ဒုတိယ ရက်သတ္တ ပတ်တွင် စတင်ဝင်ရောက် လာကြပြီး မတ်လတွင် ထပ်မံပြောင်းရွှေ့ သွားသည့် အလေ့အထ ရှိကြောင်း သိရသည်။

အင်းလေးကန် သည် ဇီဝအဝန်း နယ်မြေတစ်ခု ဖြစ်ခြင်းကြောင့် ဘူမိရုပ်သွင် ထူးခြားမှုရှိပြီး သက်မဲ့နှင့် သက်ရှိဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသဖြင့် ကမ္ဘာလှည့် ခရီးသွားများနှင့် သုတေသန ပညာရှင်များ အထူး စိတ်ဝင်စားသော သဘာဝနယ်မြေ တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ် အတွင်းသို့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ပြည်ပခရီးသွား ဧည့်သည် ဝင်ရောက်သည့် ဦးရေထက် ယခု ၂ဝ၁၆ ခုနှစ် ကာလတူတွင် ခရီးသွား ဧည့်သည် ဝင်ရောက်သည့် ဦးရေ လေးသောင်းကျော် ပိုမိုဝင်ရောက် ခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း သို့ လာရောက်ကြသော ပြည်ပ ခရီးသွား ဧည့်သည်များသည် အင်းလေးကန် ဇီဝအဝန်း နယ်မြေကို ပိုမို စိတ်ဝင်စားကြောင်း သိရပေရာ အင်းလေးကန် ဇီဝအဝန်း နယ်မြေ ရေရှည် တည်တံ့ရေး ဝိုင်းဝန်း ထိန်းသိမ်း ကြပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...