Social Icons

Pages

Monday, October 3, 2016

တောရိုင်းတိရစ္ဆာန် များကို ထိန်းသိမ်းစောင့်ရှောက်


တောရိုင်းတိရစ္ဆာန် များကို ထိန်းသိမ်းစောင့်ရှောက်

နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အေလာမြို့သစ် ရပ်ကွက် အတွင်းသို့ စက်တင်ဘာ ၂၆ ရက် အကူး နံနက် ဝဝး၃ဝ နာရီတွင် တောဆင်ရိုင်း နှစ်ကောင် လမ်းမှား ဝင်ရောက် လာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ဆင်ရိုင်းများအား လိုက်လံ ထိန်းကျောင်းပြီး စစ်တောင်းမြစ် ကိုဖြတ်၍ တောင်ပေါ်သို့ သွားနိုင်ရန် ပို့ဆောင် ပေးကြသည်။ ၄င်းဆင်ရိုင်းများ လမ်းမှား ဝင်ရောက် လာသော်လည်း ရပ်ကွက်အတွင်း မည်သည့် အန္တရာယ်မျှ မပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ ပျံ့နှံ့ ကျက်စားရာ ဒေသများမှာ ကချင်ပြည်နယ် အရှေ့ပိုင်း နှင့် မြောက်ပိုင်း နယ်မြေများ၊ ချင်းတွင်းမြစ် အထက်ပိုင်းနှင့် အောက်ပိုင်း နယ်မြေများ၊ ရှမ်းရိုးမ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ ခန္တီး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေးဝနှင့် ကန့်ဘလူမြို့နယ် တို့၏ ဝန်းကျင် ဒေသများ၊ ရခိုင်ပြည်နယ် အတွင်းမှ ရခိုင်ရိုးမနှင့် မေယုတောင်တန်း ဒေသ၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ် ဆက်စပ်ဒေသ၊ ကရင်ပြည်နယ် သံလွင် အရှေ့ခြမ်း၊ မွန်ပြည်နယ်မှ သံဖြူဇရပ်၊ ရေးနှင့် ဘုရားသုံးဆူ ဒေသများ၊ ပဲခူးရိုးမ အလယ်ပိုင်း နှင့် အောက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတနှင့် ကြံခင်းမြို့နယ် ဒေသများ၊ ရန်ကုန်တိုင်း ဒေသကြီးမှ တိုက်ကြီး၊ မှော်ဘီနှင့် လှည်းကူးမြို့နယ် ဒေသများ၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ တောဆင်ရိုင်းများ ကျက်စားရာ ဒေသများ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်က ဆင်ဘေးမဲ့တော တည်ထောင် ထိန်းသိမ်း ကာကွယ်ထားမှုမှာ ရွှေဥဒေါင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ ထမံသီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်၊ ရခိုင်ရိုးမ ဆင်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မြောက်စာမရီ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော တို့တွင် စုစုပေါင်း အကျယ်အဝန်း ၉၂ဝ၅ ဒသမ ၄၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ ထိန်းသိမ်းရေး ဥပဒေဖြင့် ဆင်များကို ထိန်းသိမ်း ကာကွယ်လျက် ရှိသည်။

ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့(FAO) က ၁၉၇၉ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းများ အရ မြန်မာနိုင်ငံ၌ တောဆင်ရိုင်း ကောင်ရေ စုစုပေါင်း ၆ဝဝဝဝ ခန့်ရှိသည်။ မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ ၁၉၉၅ ခုနှစ်က ကောက်ယူခဲ့သော စာရင်းအရ ဆင်များ ကျက်စားရာ ပဲခူးရိုးမ သစ်တောကြိုးဝိုင်း ငါးခု အတွင်း၌ ဆင်ကောင်ရေ ၃ဝဝ၊ ရခိုင်ရိုးမ သစ်တောကြိုးဝိုင်း ခုနစ်ခုအတွင်း ဆင်ကောင်ရေ ၇ဝဝ နှင့် အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်အတွင်း ဆင်ကောင်ရေ ၁၅ဝ အသီးသီး ရှိကြောင်း သိရသည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ ကောက်ယူခဲ့သော စာရင်းများအရ တောဆင်ရိုင်း ကောင်ရေ ၅ဝဝဝ ခန့် မြန်မာနိုင်ငံ အတွင်း ကျက်စားကျန်ရှိ နေကြောင်း တွေ့ရသော်လည်း ယနေ့ အချိန်တွင် တောဆင်ရိုင်း ကောင်ရေ ၃ဝဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း တွေ့ရသည်။ ဤ အရေအတွက် ကပင် အာရှတိုက်တွင် အိန္ဒိယပြီးလျှင် မြန်မာနိုင်ငံရှိ ဆင်ကောင်ရေမှာ ဒုတိယ အများဆုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု များကြောင့် လူသားများ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင် စားသောက်ကြ သကဲ့သို့ တိရစ္ဆာန်များ မှာလည်း ရွှေ့ပြောင်း နေထိုင် ကျက်စားရန် ရှာဖွေနေကြ ရကြောင်း ပညာရှင် များနှင့် လေ့လာသူ များက ထောက်ပြထား ကြရာ ဆင်အပါအဝင် တောရိုင်း တိရစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ် မသွားစေရေး နိုင်ငံသား အားလုံးက ဝိုင်းဝန်းကြိုးပမ်း ကာကွယ်ပေး ကြပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...