Social Icons

Pages

Friday, October 7, 2016

မြန်မာ-တရုတ် မူဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုတည်းမှ ရက်ပေါင်း ၄၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး ကုန်သွယ်ခဲ့



မူဆယ် ၊ ၇-၁၀-၂၀၁၆

တရားဝင် ကုန်သွယ်ရန် ဖွင့်လှစ်ထားသော နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိသည့် အနက် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပမာဏအများဆုံး ကုန်သွယ်မှု ပြုနိုင်ပြီး ကုန်သွယ်သော ပမာဏ တန်ဖိုးမှာ သြဂုတ် လမှ စက်တင်ဘာလ အထိ ရက်ပေါင်း ၄ဝ ကျော်အတွင်း အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော်ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ ရရှိသည့် ကုန်သွယ်မှု ကိန်းဂဏန်း အချက်အလက်ကို အခြေခံကာ ဖော်ပြထားသော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှိုင်းယှဉ်ချက် စာရင်းများ အရ သိရသည်။

''ဒီလထဲမှာ ပို့တာက အစုံပါပဲ။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းကနေ ပရဆေး ပို့တာချည်းပဲ တန် ၅ဝဝ လောက်ကို အမေရိကန် ဒေါ်လာ ငါးသိန်း ရှိတယ်။ ပရဆေး ကုန်ကြမ်းတွေ ဖြစ်တဲ့ တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ စံကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ ချဉ်ပေါင်ဖာလာ နဲ့ တောင်လုံးကျော် တို့ပါတယ်။ တခြားပရဆေး တွေလည်း ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကထက် တော်တော်နည်း ပါတယ်'' ဟု မူဆယ်မြို့မှ ကုန်သည် ကိုဟယ်ရီ က ပြောသည်။

နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုမှတစ်ဆင့် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၂ ရက် မှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်အထိ ရက်ပေါင်း ၄ဝ ကျော်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၉၈ ဒသမ ၂၉၈ သန်းရှိပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၃၁ ဒသမ ၄၈၅ သန်း ရှိခဲ့ကြောင်း သိရသည်။

နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ပြုလုပ်ခဲ့သည့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၉၈ ဒသမ ၂၉၈ သန်းတွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄၇၄ ဒသမ ၇၃၇ သန်းနှင့် သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၅၆၁ သန်း ရှိကြောင်း သိရသည်။ (ချမ်းချမ်းကို)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...