Social Icons

Pages

Monday, September 26, 2016

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြည်ပအဖွဲ့အစည်း နှင့်ပူးပေါင်း၍ ကျားထိန်းသိမ်းရေး လုပ်ငန်းများ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်



မြိတ် ၊ ၂၆-၉-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကျားမျိုးစိတ်များ ပျောက်ကွယ်မှု မရှိစေရန် ကျား ထိန်းသိမ်းရေး လုပ်ငန်းများကို ယခုနှစ်မှ စတင်ကာ ၂ဝ၁၈ ခုနှစ်အထိ သုံးနှစ်စီမံကိန်း ဖြင့် လုပ်ဆောင်မည် ဖြစ်၍ ပြည်ပ အဖွဲ့အစည်း နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် သစ်တောဦးစီး ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ကျားထိန်းသိမ်းရေး လုပ်ငန်းများ အပါအဝင် တခြားသော စီမံကိန်းများ ကိုလည်း ဆောင်ရွက်နိုင်ရန် သစ်တော ဦးစီးဌာနနှင့် နိုင်ငံတကာ သားငှက် တိရစ္ဆာန် နှင့်အပင်များ လေ့လာရေး (Fauna & Flora International - FFI) တို့ပူးပေါင်း ဆောင်ရွက်ရန် ၂ဝ၁၄ ခုနှစ်က သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အတွင်းရှိ မုဆိုးများကြောင့် ကျားစားကျက်များ ပျောက်ကွယ်လု နီးပါးဖြစ် လာသည့်အတွက် ကျားထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း အဆိုပြုထားသော လေညှာ အမျိုးသားဥယျာဉ် နှင့် တနင်္သာရီ အမျိုးသားဥယျာဉ် တို့၌ ကျားများကို ထိန်းသိမ်းထားပြီး ယင်း ဒေသများတွင် ကျားထိန်းသိမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင် နေကြောင်း သိရသည်။

တနင်္သာရီ အမျိုးသားဥယျာဉ် ၌ ကျား အကောင်ရေ ၁ဝ ကောင်နှင့်အထက် ရှိနေပြီး လေညှာ အမျိုးသားဥယျာဉ် ၌ ကျားအကောင်ရေ လေးကောင်မှ ငါးကောင်အထိသာ တွေ့ရှိရကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ အတွင်း ကျားအကောင်ရေ ၈၅ ကောင်ခန့်သာ ကျန်ရှိပြီး တစ်ကမ္ဘာ့လုံး အတိုင်းအတာ အရ ကျားအကောင်ရေ ၃၂ဝဝ သာ ကျန်ရှိတော့ သည့်အတွက် ကမ္ဘာ့ပေါ်၌ ကျားအကောင်ရေ လျော့နည်း လာကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...