Social Icons

Pages

Monday, September 26, 2016

ပြည်ပမှ တရားမ၀င်အသားများ ၀င်ရောက်နေမှုကို တားဆီးရန် မူဝါဒများချမှတ်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၆-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တရားမဝင် အသားများ ဝင်ရောက်နေမှုကို တားဆီးရန် မူဝါဒများချမှတ်၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီမှ သိရသည်။

''နိုင်ငံတကာ မှာလည်း ဒီလို ဥပဒေတွေ ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာတော့ သီးခြားမူနဲ့ လုပ်နေတာ မရှိသေးဘူး။ တရားမဝင် အသားတွေ မြို့နယ် အတွင်းကို ဝင်လာတာတွေ တားဆီးဖို့၊ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းဖို့ လိုအပ်နေ ပါတယ်။ ဒါတွေကို ဥပဒေအလိုက် ရေးဆွဲပြီး ဆက်စပ် ဝန်ကြီးဌာန တွေနဲ့ သားငါးကဏ္ဍ ပို့ဆောင်ရေး လုပ်ကိုင်သူတွေ ပူးပေါင်း ဆောင်ရွက်ဖို့ရှိ ပါတယ်'' ဟု အသားတိုး ကြက်မွေးမြူရေး အစုအဖွဲ့မှ ဦးနိုင်လင်းဦး က ပြောသည်။

ထို့ပြင် အေးခဲကြက်သား၊ ကြက်အရှင်၊ ကြက်ဥနှင့် ဘဲဥများမှာ နေ့စဉ် ပြည်တွင်းသို့ ထိုင်းနိုင်ငံဘက်မှ သောင်ရင်းမြစ် ကိုဖြတ်လျက် ဝင်ပေါက် ၁၉ ပေါက်မှ ဝင်ရောက်လာပြီး မြဝတီမှ တစ်ဆင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက်မှု များပြားနေကြောင်း သိရသည်။ ပြည်ပမှ အသားများ တရားမဝင် ဝင်ရောက်နေမှုကို တားဆီးရန် လိုအပ်သော မူဝါဒများကို လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်မှ ပြဋ္ဌာန်းထားသော မူဝါဒများကို နိုင်ငံတော် အပိုင်းမှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟု ပြည်တွင်း၌ အေးခဲအသား တင်ပို့ရောင်းချ သူများက ပြောသည်။

''ဝင်ပေါက် ၁၉ ပေါက်ကနေပြီး အသားတွေ ဝင်လာတယ်။ ဘယ်လောက်ပဲ ကြက်ဈေးတွေ ကျအောင်လုပ်လုပ် ကြက်သားဈေးနဲ့ အသားကဏ္ဍ မှာတော့ ကမောက်ကမ ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိကျစွာ
လုပ်ကိုင်ဆောင်ရွက် ပေးသင့်ပါတယ်။ တရားမဝင် အသားတွေက နယ်စပ်ကနေ အများဆုံး ဝင်ရောက် လာတာပါ'' ဟု မွေးမြူရေး လုပ်ငန်းရှင် ဦးစိုးသော် က ပြောသည်။

ပြည်ပမှ တရားမဝင် ကြက်အရှင်၊ အေးခဲကြက်သား၊ ဘဲဥနှင့် ကြက်ဥများ ဝင်ရောက်မှုကြောင့် ပြည်တွင်း၌ မွေးမြူသူများအား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိပြီး ပြည်ပမှ တရားမဝင် အသား ဝင်ရောက်မှု များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမှ မွေးမြူရေး လုပ်ငန်းရှင်များမှာ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေမှုကြောင့် ဈေးနှုန်းများ ကြီးမြင့်နေမှု ဒဏ်ကို ခံနေရကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...