Social Icons

Pages

Tuesday, September 27, 2016

ရွှေတိဂုံစေတီတော် ၌ ဒီဂျစ်တယ်စနစ်ဖြင့် ငွေလှူဒါန်းခြင်းကို ခွင့်မပြုသေးဘဲ ပုံးအတွင်းထည့်သွင်းခြင်း ဖြင့်သာ လှူဒါန်းနိုင်



ရန်ကုန် ၊ ၂၇-၉-၂၀၁၆

ရွှေတိဂုံ စေတီတော်ကြီး၌ Digital စနစ်ကို အသုံးပြု၍ ငွေလှူဒါန်းသည့် စနစ်အား ခွင့်မပြုသေးဘဲ ပုံးအတွင်း ထည့်သွင်းခြင်း ဖြင့်သာ လှူဒါန်းနိုင်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ထံမှ သိရသည်။

''အခုထိတော့ Digital စနစ်နဲ့ ငွေလှူဒါန်းတာကို ခွင့်မပြုသေး ပါဘူး။ အင်တာနက်ကနေ လှူဒါန်းတာ ကိုလည်း လောလောဆယ်မှာ မလုပ်နိုင်သေး ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အလှူငွေနဲ့ ပတ်သက်လို့ စာရင်းစစ် တွေရဲ့ စစ်ဆေးမှုကိုလည်း ခံယူရပါတယ်။ Digital စနစ်ကတော့ စာရင်းစစ်တွေ စစ်ဆေးဖို့ အခက်အခဲ ရှိနိုင်တာကြောင့် လောလောဆယ် ဒီစနစ်နဲ့ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး'' ဟု ဦးထွန်းအောင်ငွေ က ပြောသည်။

ယခုအခါ In Mai Kha Technologies Co.,Ltd. က ရေးဆွဲလှူဒါန်း ထားသော Application ဖန်တီးမှုဖြင့် ဘားကုတ် အသုံးပြုသည့် Digital စနစ်ကို တည်နေရာ သိရှိစေရန်သာ သုံးစွဲလျက်ရှိပြီး ဘားကုတ်များကို ရင်ပြင်တော်ရှိ တန်ဆောင်းတချို့၌ ထောင်ထားကြောင်း သိရသည်။ လက်ရှိ အွန်လိုင်းစနစ်နှင့် ပတ်သက်၍လည်း WiFi free ထုတ်လွှင့် ပေးလျက်ရှိသည်။

Digital စနစ်များနှင့် ပတ်သက်၍ ''ကျွန်တော်တို့နိုင်ငံ အနေနဲ့ တစ်ချိန်မှာ Digital စနစ်ကို သွားရမှာ ဖြစ်ပါတယ်။ အခု တချို့နေရာတွေမှာ တွင်တွင် ကျယ်ကျယ် သုံးနေပါပြီ။ ဒီစနစ်က လုပ်ငန်း လျင်မြန်အောင် အကူအညီ ပေးရာ ရောက်တဲ့အပြင် လုံခြုံမှုစနစ်လည်း ကောင်းမွန်လို့ ကျင့်သုံး လာတာတွေ ရှိနေပါတယ်'' ဟု ဦးထွန်းအောင်ငွေ က ဆက်လက် ပြောသည်။

ထက်ခိုင်(စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...