Social Icons

Pages

Thursday, August 4, 2016

ပြည်ပမှ အာရုံစိုက်လာနိုင်သဖြင့် အရည်အသွေးမြင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်



ရန်ကုန် ၊ ၄-၈-၂၀၁၆

လာမည့် ငါးနှစ်အတွင်း မြန်မာ့သစ်သီး များ၏ အရည်အသွေး ကို ပြည်ပဝယ်လက် များမှ ပိုမိုအာရုံစိုက် လာနိုင်သဖြင့် အရည်အသွေးမြင့် သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ် လာကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် က ပြောသည်။

သရက်၊ သခွားမွှေးနှင့် ဖရဲသီးတို့မှာ အရည်အသွေး ကောင်းမွန်ခြင်း နှင့် ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှု နည်းပါးသဖြင့် တရုတ်ဈေးကွက်၌ နေရာရရှိနေပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ အသိအမှတ်ပြု လက်မှတ်များ တောင်းဆိုခြင်း မရှိသော်လည်း လာမည့် နှစ်များအတွင်း ပိုမိုအာရုံစိုက် လာနိုင်သော ကြောင့် အရည်အသွေးမြင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်ရန် လိုအပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးရေး ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ရရှိရန်နှင့် အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရန် လိုအပ်မည်ဟု ပညာရှင်များက သုံးသပ်ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံ စာရင်းများအရ ပြည်ပသို့ သစ်သီးတင်ပို့မှု အနေဖြင့် သရက်သီး ၂၅ဝ၆၄ တန်၊ ဖရဲသီး ၁၂၂၅၄၃ တန်၊ သခွားမွှေး ၂၆ဝ၄၂ ဒသမ ၅ တန်၊ စပျစ်သီး ၁၈ တန် ဖြစ်ပြီး ဆီးသီးမှာ ဈေးကွက် ယှဉ်ပြိုင်နိုင်မှု မရှိသဖြင့် ယခုနှစ်အတွင်း တင်ပို့မှု မရှိခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...