Social Icons

Pages

Thursday, July 14, 2016

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ "၇" အရ တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်


၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ''၇''အရ တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့် ပတ်သက်သည့် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သား ထားပါသည်။ အဆိုပါ အနုညာတခုံရုံး ဆုံးဖြတ်ချက်၏ အကျိုး သက်ရောက်မှု နှင့် ဒေသ အတွင်းနှင့် ပြင်ပသို့ ရိုက်ခတ် လာနိုင်မည့် ဂယက်ကို မြန်မာနိုင်ငံမှ စောင့်ကြည့် လေ့လာလျက် ရှိသည်။

မြန်မာနိုင်ငံသည် တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှုကို ကြေညာသည့် နိုင်ငံမဟုတ် သော်လည်း တောင်တရုတ် ပင်လယ်၏ ဖြစ်ပေါ် တိုးတက်မှုများကို အလေးအနက်ထား ရှိပါသည်။ မြန်မာနိုင်ငံ အနေနှင့် အငြင်းပွားမှုကို ၁၉၈၂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံအားလုံးမှ အသိအမှတ်ပြုသည့် အပြည်ပြည် ဆိုင်ရာ ဥပဒေ အခြေခံမူများ နှင့်အညီ ဆွေးနွေးမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုများ အားလုံးကို အစဉ်အမြဲ အားပေး ထောက်ခံပါသည်။

သက်ဆိုင်သည့် နိုင်ငံများအနေနှင့် အခြေအနေကို တင်းမာစေမည့် လုပ်ဆောင်မှုများ အပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် နှင့် ပြဿနာကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းပါသည်။

မြန်မာနိုင်ငံသည် စည်းမျဉ်းဥပဒေကို အခြေပြုသည့် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံတကာ အသိုက်အဝန်း အတွင်း နိုင်ငံခြား ဆက်ဆံရေးကို အကောင် အထည်ဖော်မှုတွင် စည်းမျဉ်း ဥပဒေကို လေးစားလိုက်နာရန် ကတိပြုထား ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် အပြည့်အဝနှင့် ထိရောက်စွာ အကောင် အထည်ဖော်ရေး နှင့် တောင်တရုတ် ပင်လယ်တွင်း ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ ပေါ်ထွက်ရေး အတွက် တူညီဆန္ဒအပေါ် အခြေပြု၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့ နှင့်ဆက်လက်ပြီး လက်တွဲလုပ်ကိုင် သွားမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...